နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်
စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က အာဏာသိမ်းပြီးနောက်ပိုင်း ခုခံတော်လှန်မှုများကြောင့် နယ်မြေတည်ငြိမ်မှုမရှိသည့် ဒေသအများစုအပါအဝင် မြို့နယ်ပေါင်း ၁၀၀ တွင် ရွေးကောက်ပွဲအပိုင်း(၂)ကို ဆက်လက်ပြုလုပ်သွားမည်ဟု ယမန်နေ့ အောက်တိုဘာ ၂၈ ရက် က ထုတ်ပြန်ကြေညာခဲ့သည်။
စစ်ကော်မရှင်သည် ၎င်းတို့၏ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲ၍ ပြုလုပ်မည်ဟု ကြေညာထားရာ၊ လက်ရှိ အပိုင်း (၁) အတွက် ပြင်ဆင်နေချိန်၌ပင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အလားအလာမရှိသည့် မြို့နယ်အများစုတွင် ရွေးကောက်ပွဲ အပိုင်း (၂) ကို ကျင်းပရန် ထုတ်ပြန်လာခြင်း ဖြစ်သည်။
အဆိုပါရွေးကောက်ပွဲ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ကချင်၊ ကရင်နီ၊ ကရင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရန်ကုန်၊ ရှမ်းနှင့် ဧရာဝတီတို့ရှိ မြို့နယ်များတွင် ပြုလုပ်သွားမည်ဖြစ်ဟု စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။
ယင်းမြို့များမှာ ကချင်တွင် မချမ်းဘော၊ မိုးကောင်း၊ ဝိုင်းမော်၊ ကရင်နီတွင် ဒီးမော့ဆို၊ ဖရူဆို၊ ကရင်၌ ဖာပွန်၊ လှိုင်းဘွဲ့၊ စစ်ကိုင်းတွင် ကလေးဝ၊ မင်းကင်း၊ ဝန်းသို၊ ကျွန်းလှ၊ မြင်းမူ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော်၊ ဖောင်းပြင်၊ မော်လိုက်နှင့် ရေဦးတို့ဖြစ်သည်။
တနင်္သာရီတွင်မူ ရေဖြူ၊ ကျွန်းစု၊ တနင်္သာရီ၊ ပဲခူးတွင် ဒိုက်ဦး၊ ရွှေကျင်၊ ထန်းတပင်၊ ရေတာရှည်၊ ဇီးကုန်း၊ ပေါင်းတည်၊ ကဝ၊ သနပ်ပင်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ မိုးညို၊ မင်းလှ၊ မွန်တွင် ဘီးလင်း၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးနှင့် ပေါင်တို့ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မကွေး၌ ဂန့်ဂေါ၊ ဆိပ်ဖြူ၊ နတ်မောက်၊ မြို့သစ်၊ ငဖဲ၊ စလင်း၊ စေတုတ္တရာ၊ ကံမ၊ မင်းတုန်း၊ မင်းလှ၊ ဆင်ပေါင်ဝဲ၊ မန္တလေး၌ စဉ့်ကိုင်၊ ကျောက်ပန်းတောင်း၊ တံတားဦး၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ ဝမ်းတွင်း၊ သာစည်၊ အမရပူရနှင့် မတ္တရာတို့ ပါဝင်သည်။
အလားတူ ရန်ကုန်တွင် ဗဟန်း၊ ပန်းဘဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာပ၊ ကိုကိုးကျွန်း၊ ကြည့်မြင်တိုင်နှင့် အင်းစိန်တို့ဖြစ်ကြောင်း သိရသည်။
ရှမ်းတွင်လည်း ရွာငံ၊ ဆီဆိုင်၊ ကလော၊ မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ ရပ်စောက်၊ တန့်ယန်း၊ မိုင်းရယ်၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းယန်း၊ မိုင်းပန်၊ မောက်မယ်၊ မိုင်းကိုင်၊ လဲချား၊ ဧရာဝတီ၌ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျိုက်လတ်၊ ဧရာဝတီ၊ ဖျာပုံ၊ ဘိုကလေး၊ ပန်းတနော်၊ ဝါးခယ်မနှင့် အိမ်မဲတို့ဖြစ်သည်။
ယင်းမြို့နယ် ၁၀၀ အနက် ဒေသအများစု၌ အာဏာသိမ်း စစ်ကော်မရှင်နှင့် တော်လှန်ရေး အင်အားစုများ အကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သဖြင့် နယ်မြေတည်ငြိမ်မှုမရှိပေ။ ထို့အပြင် ပြည်သူများ တိမ်းရှောင်နေရပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲကိုလည်း လက်မခံကြောင်း သိရသည်။
ထို့အတူ စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း (၁) ပြုလုပ်ရန် စီစဉ် နေသော မြို့နယ် ၁၀၂ မြို့၌လည်း နယ်မြေအများစု တည်ငြိမ်မှု မရှိသေးဘဲ မြို့ပေါ်တွင်သာ ၎င်းတို့၏ ထိန်းချုပ်မှု ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ သိရသည်။
လက်ရှိတွင် စစ်ကော်မရှင် ရွေးကောက်ပွဲအား ဝင်ပြိုင်မည့် နိုင်ငံရေးပါတီ ၅၇ ပါတီရှိပြီး ထိုအနက်မှ ကြံ့ခိုင်ရေးအပါအဝင် ၆ ပါတီက တစ်နိုင်ငံလုံး အတိုင်းအတာ ဝင်ပြိုင်မည်ဖြစ်သလို ယမန်နေ့မှစတင်၍ ယင်းပါတီများ မဲဆွယ်စည်းရုံးရေး လုပ်နေကြောင်း သိရသည်။
ဓာတ်ပုံ-MOI