(တီးတိန်)၊ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာကို စစ်ကော်မရှင်တပ်မှ ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကလေးမိခင် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိပြီး လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း CDF CDM Syin ထံမှ သိရသည်။
ကလေး – တီးတိန် ကားလမ်းပေါ်ရှိ သိုင်းငင်းကျေးရွာကို စစ်ကော်မရှင်တပ်မှ ယမန်နေ့ အောက်တိုဘာ ၂၈ ရက်၊ ည ၁၀ နာရီဝန်းကျင်တွင် ပေါင် ၅၀၀ ဗုံးသီးနှစ်လုံးဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“မနေ့ညက ရွာသားတွေအားလုံး အိမ်မောကျတဲ့ချိန် ရွာထဲကို ဗုံးသီးနှစ်လုံး ကြဲချ သွားတယ်။ ကလေးအမေတစ်ယောက်က မစိုးရိမ်ရ ဗိုက်မှာ ထိခိုက်ဒဏ်ရာရတယ်။ ရွာထဲက လူနေအိမ်တစ်လုံးကလည်း ထိခိုက်ပျက်စီးသွားတယ်”ဟု CDF CDM Syin မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သိုင်းငင်းရွာတွင် မည်သည့်စစ်ရေးလှုပ်ရှားမှု မရှိသည့်အခြေအနေမျိုးတွင် စစ်ကော်မရှင်သည် အရပ်သားများနေထိုင်သည့် ရွာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် ပြည်သူများ လေကြောင်ရန် သတိပြုရန် ၎င်းက တိုက်တွန်းထားသည်။
ထို့အပြင် အောက်တိုဘာလ ၂၇ ရက်နေ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တက်လာသည့် စစ်ကော်မရှင် စစ်ကြောင်းသည် ကလေး-တီးတိန် ကားလမ်းပေါ်ရှိ မွှာလ်ပီးကျေးရွာတွင် အင်အားအများပြားဖြင့် ခြေကုပ်နေရာယူထားကြောင်း သိရသည်။
“ကလေးမြို့က တက်လာတဲ့ စစ်ကြောင်းက မွှာလ်ပီးရွာမှာ စခန်းချ ခြေကုပ်နေရာယူထားတယ်။ အင်အားတော့ များတယ်။ အဲကနေ စစ်ကြောင်းရှေ့တိုး စစ်ကြောင်းထိုးတာတော့ မရှိသေးဘူး။ ထိတွေ့မှုဖြစ်တာလည်း မရှိသေးဘူး”ဟု CDF CDM Syin မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကလေးမြို့မှ အင်အားအလုံးရင်းဖြင့် တက်လာသည့် စစ်ကော်မရှင်တပ် စစ်ကြောင်းကြောင့် ကလေး-သိုင်းငင်း-တီးတိန်း ကားလမ်းအပြင် ရှောင်ကွေ့လမ်း အားလုံးကိုလည်း အကန့်သတ်မရှိ ယာယီပိတ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်မှ ယမန်နေ့ အောက်တိုဘာ ၂၈ ရက်နေ့ထိ သုံးရက်ဆက်တိုက် စစ်ကော်မရှင်သည် ကလေးမြို့မှ တီးတိန်မြို့ကို လေကြောင်းဖြင့် တပ်အင်အားဖြည့်တင်းထားသည်။
တီးတိန်မြို့သည် စစ်ကော်မရှင် ထိန်းချုပ်ထားဆဲမြို့ဖြစ်ပြီး လာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလလတွင် အပိုင်း (၁) အနေဖြင့် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားသည်။