ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်
ကမ္ဘာ့အလှဆုံးကောင်လေးအဖြစ် သတ်မှတ်ဖော်ပြခြင်းခံခဲ့ရဖူးသည့် ဆွီဒင်သရုပ်ဆောင် Björn Andrésen သည် အသက် ၇၀ နှစ်အရွယ် ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်နေ့တွင် ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်းသိရသည်။
Björn Andrésen သည် ၎င်းအသက် ၁၅ နှစ်အရွယ် လွန်ခဲ့သည့် ၁၉၇၁ ခုနှစ်တွင် ထုတ်လွှင့်ခဲ့သည့် “Death in Venice” ရုပ်ရှင်ဇာတ်ကားဖြင့် ထင်ရှားကျော်ကြားခဲ့ပြီး အဆိုပါဇာတ်ရုပ်မှစတင်ကာ ကမ္ဘာ့အလှဆုံးကောင်လေးအဖြစ် တင်စားခေါ်ဝေါ်ခြင်း ခံခဲ့ရခြင်းဖြစ်သည်။

ဇာတ်ကားထွက်ရှိပြီးနောက်ဂျပန်နိုင်ငံသို့သွားရောက်ရာတွင်လည်း ၎င်း၏ချောမောလှပသည့်ရုပ်ရည်ကြောင့် ဂျပန်ရုပ်ပြများ၊ အန်နီမေးရှင်း ဇာတ်လမ်းအများအပြားက ဇာတ်ကောင်အဖြစ် စံထားရေးဆွဲခဲ့ကြကြောင်းလည်း သိရသည်။
Björn Andrésenသည် ကမ္ဘာ့အလှဆုံးကောင်လေးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသောလည်း အဆိုပါရုပ်ရည်ကြောင့်ပင် အသက်မပြည်ခင် ဂေးကလပ်သို့ ခေါ်သွားခံရခြင်းကဲ့သို့ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုများလည်း ခံခဲ့ရသည်။

“ရုပ်ရှင်နဲ့ပြဇာတ်လောကလောက် အကြမ်းဖက်ဖက်ဆစ်ဝါဒီတွေ နဲ့ လူယုတ်မာတွေ များတာမျိုး ကျွန်တော်တစ်ခါမှ မမြင်ဖူးဘူး” လို့ Björn Andrésenက အင်တာဗျူးတစ်ခုတွင် ပြောဆိုခဲ့သည်။
ကမ္ဘာ့အလှဆုံးကောင်လေးအဖြစ်သတ်မှတ်ခံရခြင်းမှာ Björn Andrésen၏ အနုပညာလမ်းကြောင်းကို အသက်အရွယ်တစ်ခုရသည်အထိ ခြောက်လှန့်ခဲ့ကြောင်းလည်း သူကပြောဆိုခဲ့သည်။
Death in Venice ဇာတ်ကားထွက်ရှိပြီးနောက် Björn Andrésen သည် ဆွီဒင်အခြေပြုရုပ်ရှင်ဇာတ်လမ်းများကို ဆက်လက်သရုပ်ဆောင်ခဲ့ပြီးနောက် ၎င်းစိတ်ဝင်စားသည့် ဂီတလောကသို့ဝင်ရောက်ခဲ့ကာ အောင်မြင်သည့် စန္ဒယားပညာရှင်တစ်ယောက်အနေဖြင့် အနုပညာအလုပ်ကို အေးချမ်းစွာဆက်လက်လုပ်ကိုင်ခဲ့သည်။
Björn Andrésen သေဆုံးရသည့်အကြောင်းအရင်းကိုမူ သိရခြင်းမရှိသေးပဲ ဇနီးဟောင်းဖြစ်သူနှင့် ရရှိသည့် သမီးတစ်ဦး ၊ မြေး နှစ် ဦးတို့ကျန်ရှိကြောင်းလည်း သိရသည်။
ကိုးကား – The Guardian