နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်

စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်း အသုံးစရိတ်ကို တိုးမြှင့်ပေးခဲ့ရာ၊ ယင်းလုပ်ရပ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို အနိုင်ရစေရန် ရည်ရွယ်သည် ဟု နိုင်ငံရေးစောင့်ကြည့်သူများက ဆိုသည်။

စစ်ကော်မရှင်သည် UEC ကို ပြင်ဆင်ဖွဲ့စည်းပြီးနောက် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအား ဖြေလျှော့မှုများ အကြိမ်ကြိမ် လုပ်ဆောင်ပေးခဲ့သလို မဲဆွယ်မည့် ကိုယ်စားလှယ်လောင်းများ၏ အသုံးစရိတ်ကိုလည်း ယခုရက်ပိုင်းအတွင်း ကျပ်သိန်း ၃၀၀ အထိ တိုးမြှင့်ပြင်ဆင်ပေးခဲ့ကြောင်း UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့တိုးမြှင့်ပေးမှုသည် အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ်မြောက် လုပ်ဆောင်ခြင်းဖြစ်သလို ဥပဒေ၊ နည်းဥပဒေများမှာလည်း စစ်ကော်မရှင်၏ ဆန္ဒအတိုင်းသာ ဖြစ်ပေါ်နေပြီး၊ ယင်းလုပ်ဆောင် ချက်သည် ကြံ့ခိုင်ရေးပါတီ အနိုင်ရရေးအတွက် ရည်ရွယ်ချက်ရှိရှိ စီစဉ်ခြင်း ဖြစ်ကြောင်း ယခင် UEC ဥက္ကဋ္ဌဟောင်းက ထောက်ပြသည်။

“စစ်ကော်မရှင်က သူတို့ရဲ့ ကြံ့ခိုင်ရေးပါတီ ဒီရွေးကောက်ပွဲမှာ ရာခိုင်နှုန်းပြည့် အနိုင်ရရမယ်။ ပြိုင်ဖက်ပါတီတွေ ယှဥ်လာသမျှကို တရားချင်း၊ မတရားချင်း နားမလည်ဘူး။ ငွေကြေးဓနအင်အားနဲ့ အတုအယောင်လုပ်မဲ့ ရွေးကောက်ပွဲနီးချိန် ကပ်ဖြုတ်လိုက်တာမျိုး” ဟု ယခင်ဇေယျာသီရိမြို့၏ UEC ဥက္ကဋ္ဌဟောင်း ဦးမောင်မောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခင် ၂၀၁၀ ၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် မဲဆွယ်ကာလအတွက် ကိုယ်စားလှယ် လောင်းများ အသုံးစရိတ်ကို ငွေကျပ်သိန်း ၁၀၀ သတ်မှတ်ထားပြီး ထိုအချိန်က ကြံ့ခိုင်ရေးပါတီသည် ယင်းပမာဏထက် ပိုမိုကျော်လွန် သုံးစွဲ၍ UEC များထံ ငွေစာရင်းရှင်းတမ်းများ မှန်ကန်စွာ မတင်ပြခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

စစ်ကော်မရှင်သည် အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲ အသုံးစရိတ်ကို ပထမအကြိမ်တွင် သိန်း ၁၅၀ အထိ တိုးမြှင့်ခဲ့ပြီး ယခု နောက်ဆုံးအကြိမ်တွင် သိန်း ၃၀၀ အထိ ထပ်မံ တိုးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။

ကြံ့ခိုင်ရေးအပါအဝင် ဝင်ပြိုင်မည့်ပါတီများonf အောက်တိုဘာ ၂၈ ရက်မှစ၍ စတင်စည်းရုံးရေး ဆင်းနေကြောင်းလည်း သိရသည်။

လက်ရှိတွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်းအရည်အတွက် အများဆုံး တင်သွင်းထားသော ကြံ့ခိုင်ရေးပါတီသည် ယှဉ်ပြိုင်သူမရှိသဖြင့် မဲဆန္ဒနယ် ၂၈ နေရာ အနိုင် ရရှိထားပြီး ကျန်နေရာများအတွက် ၎င်းတို့ပိုင် ငွေမဲများ သုံးစွဲစည်းရုံးနိုင်ကြောင်း စောင့်ကြည့် သူများက ဆိုသည်။

ထို့အပြင် ကြံ့ခိုင်ရေးပါတီသည် အာဏာသိမ်း စစ်ကော်မရှင် အကူအညီဖြင့် ရွေးကောက်ပွဲ အနိုင်ရ‌ရေးအတွက် ပုံစံမျိုးစုံ စည်းရုံးကြိုးပမ်းနေပြီး ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ် လာင်းများကိုလည်း နယ်မြေလုံခြုံရေး အထူးသတိထားကြရန် ၎င်းတို့ပါတီအတွင်း ညွှန်ကြား ထားကြောင်း သိရသည်။

စစ်ကော်မရှင်ကမူ ၎င်းတို့၏ ရွေးကောက်ပွဲ အပိုင်း(၁)ကို လာမည့် ဒီဇင်ဘာ ၂၈ ရက် တွင် စတင်၍ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အောက်တိုဘာ ၂၈ ရက်မှစတင်၍ ရက်ပေါင်း ၆၀ တိုင် မဲဆွယ်စည်းရုံးမှု ကာလ သတ်မှတ်ပေးထားကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- USDP