ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်
ပဲခူးတိုင်း၊ ပန်းတောင်းတပ်နယ်အတွင်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၁၆ အနီးတွင် တိုက်ပွဲများပြင်းထန်နေကာ အာရက္ခတပ်တော် (AA) မှ ကာကင်းစခန်းနှစ်ခုကို ထပ်မံသိမ်းယူပြီးနောက် စစ်ကော်မရှင်က အင်အားတိုးချဲ့မှုများ ပြုလုပ်လာကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်နေ့က ကပစ-၁၆ အနီး ကာကင်းစခန်းကုန်းများကို ပြန်လည် သိမ်းယူရန် ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်တပ် သည် AA နှင့် ပူး ပေါင်းတပ်ဖွဲ့တို့၏ တိုက်ခိုက်မှု ကိုခံရပြီး နောက်ထပ်ကာကင်းစခန်းနှစ်ခုကိုပါ လက်လွှတ်လိုက်ရကြောင်း သိရသည်။
“ကပစ ၁၆ ရဲ့ ၂ မိုင်အလိုထိ ပူးပေါင်းအဖွဲ့တွေ ချဉ်း ကပ်နေကြပြီ။ မသုန်ရွယ် အနီးတစ်ဝိုက်မှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်။ ထိုးစစ်ဆင်လာတဲ့တပ်(စကမ)တွေ ပြန်လန်ကျပြီး ကာကင်းစခန်း တွေလည်း အသိမ်းခံနေရတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲဖြစ်ပွားသည့်နေ့တွင်ပင် စစ်ကော်မရှင်က စစ်ကူအင်အားနှင့် လက်နက်ခဲယမ်းများအပြင် ဒရုန်းများကိုပါ ပန်းတောင်းတပ်နယ်အတွင်း ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်နေ့ကလည်း ပြည် နဝဒေးကိုဖြတ်ပြီး ပန်းတောင်းတပ်နယ် ညောင်ခြေ ထောက်ကို စစ်ကော်မရှင်၏ အင်အားအပြည့်ပါ စစ်ယာဉ်တန်း ၇ စီး ဝင်ရောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
AA နှင့် ပူးပေါင်းတပ်များ၏ထိုးစစ်မှာ ကပစ ၁၆ အနီး မသုန်ကျေးရွာအပြင် ကပစ ၆ ရှိရာ ညောင်ခြေ ထောက်အနီးထိ ရောက်ရှိလာသည့်အတွက် စစ်ကော် မရှင်က ယခုကဲ့သို့ အင်အားများအလုံးအရင်းပို့ ဆောင်နေကြောင်း သိရသည်။
ညောင်ကျိုးမှ လေသာတောင်အထိ လက်လွှတ်ထားရသည့် စစ်ကော်မရှင်က ဆင်လန်၊ စမ်းပက်လက်၊ ၂၇ မိုင်နှင့် ကျောက်ဖူးချောင်းရှိ ညောင်ခြေထောက်တံတားတို့တွင် အခိုင်အမာခြေကုပ်ယူကာ အင်အားတိုးချဲ့နေပြီး တိုက်ခိုက်ရေးတပ်မ၊ တပ်မ (၇၇) မှ ထုတ်နုတ်အင်အားများအပြင် ရန်ကုန် အခြေစိုက် တိုက်ခိုက်ရေးတပ်များကိုပါ အင်အားစုစည်းထားပြီး အစုလိုက်ခွဲ၍ ညောင်ခြေထောက်နှင့် မသုန်ဘက်ကို စစ်ကူပို့လျက်ရှိသည်။
အထူးသဖြင့် ဒရုန်းတပ်ဖွဲ့များနှင့် ဒရုန်းလက်နက် ဗုံးများကိုပါ တောင်ငူလေတပ်စခန်းတွင် စုစည်းထားပြီး အသုတ်လိုက်ခွဲ၍ ပန်းတောင်းတပ်နယ်အတွင်းသို့ ပို့ ဆောင်နေကြောင်း သိရသည်။