ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၈ ရက်

 

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ်တို့ရှိ ဒေသခံများသည် စစ်ကော်မရှင်ပြုလုပ်မည့် “အတုအယောင် ရွေးကောက်ပွဲ” ကို စိတ်ဝင်စားမှု မရှိကြောင်း ဒေသခံများထံမှ သိရသည်။

 

ကျပ်တည်းမှုများရှိနေသည့် မြို့ခံများသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားသည့် မဲစာရင်း များကို လာရောက်ကြည့်ရှုသူ မရှိသလောက် နည်းပါးသည်ကိုတွေေ့ရကြောင်း စစ်ကော်မရှင်နှင့် နီးစပ်သူများထံမှ သိရသည်။

“သူတို့ ရွေးကောက်ပွဲ စိတ်ဝင်စားဖို့ နေနေသာသာ သူတို့အာဏာသိမ်းကတည်းက ကျပ်တည်း လိုက်ကြတာ။ စားဖို့တောင် အဆင်မပြေကြဘူး။ ဒါတွေကို အရေးတယူ သွားမကြည့်နိုင်ပါဘူး။ ဒီရွေးကောက်ပွဲကို လုံးဝမကျေနပ်ကြပါဘူး” ဟု ကျုံပျော်မြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

 

ဒေသခံများ စိတ်ဝင်စားမှု နည်းပါးသည့်အပြင် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများတွင်လည်း ပြဿနာများ ပေါ်ပေါက်နေကြောင်း သိရသည်။ စစ်တပ်ထောက်ခံသူ Non-CDM ဆရာ၊ ဆရာမ အချို့နှင့် ဒေသခံအချို့၏ အမည်များ မဲစာရင်းတွင် ပါဝင်ခြင်းမရှိ သည့်အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူး များကို အမည်စာရင်းများ ပြန်လည်ဖြည့်စွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

ထို့ပြင် ရေကြည်နှင့် ကျုံပျော်မြို့နယ်တို့မှ Non-CDM ပညာရေးဝန်ထမ်း အချို့သည် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတွက် ကျောင်းဝင်းအတွင်း မဲဆွယ်စည်းရုံးနေသည် ကိုလည်း တွေ့ရှိရကြောင်း ဒေသခံများက ဆိုသည်။

 

ဧရာဝတီတိုင်းအတွင်း စစ်ကော်မရှင်က အသစ်ပြန်လည်ဖွဲ့စည်းထားသော ခရိုင်အချို့တွင် ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ကာ အီလက်ထရောနစ် (Electronics) မဲပေးစက် ဖြင့် မဲပေးသရုပ်ပြမှုများ ပြုလုပ်ခဲ့သည်။ မဲရုံတစ်ရုံကို မဲပေးစက် သုံးလုံးထားရှိမည်ဖြစ်ပြီး ဒေသခံများကို မိမိအမည် မဲစာရင်းတွင် ပါမပါ လေးလေးစားစား သွားရောက်ကြည့်ရှုရန် ခိုင်းစေထားကြောင်း စစ်ကော်မရှင်နှင့် နီးစပ်သူထံမှ သိရသည်။

 

စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ၎င်းတို့၏ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလ ရက်ပေါင်း ၆၀ ကို ယနေ့ အောက်တိုဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ဖွင့်လှစ်လိုက်ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ဒေသတစ်ခုတွင် စစ်ကော်မရှင် ကပ်ထားသည့် မဲစာရင်းများ။