(တီးတိန်)၊ ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၈ ရက်
စစ်ကော်မရှင်တပ်သည် ချင်းပြည်နယ်၊ တီးတိန်မြို့မှ တွန်းဇံမြို့သို့ တီးတိန် – တွန်းဇံ ကားလမ်းပိုင်း အတိုင်း တပ်အင်အားအများပြားဖြင့် စစ်ကြောင်း ထိုးစစ်ဆင်နေကြောင်း စစ်ရေးအခြေအနေ စောင့်ကြည့်သူ ဒေသခံများထံမှ သိရသည်။
တီးတိန်မြို့အခြေစိုက် ခလရ (၂၆၈) တပ်ရင်းမှ စစ်ကော်မရှင် အင်အားအများပြားသည် ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် တီးတိန် – တွန်းဇံ ကားလမ်းပိုင်းအတိုင်း စစ်ကြောင်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
“တွန်းဇံမြို့ဘက်သွားတဲ့ လမ်းအတိုင်း စစ်သားတွေ ဒီနေ့မနက် စစ်ကြောင်း ချီတက်သွားကြတယ်။ အင်အားအတိကျမသိပေမယ့် လက်နက် အင်အား လူအင်အား အတော်များပါတယ်။ တပ်ကုန်းမှာလည်း စစ်သားတွေ အခုတလော လှုပ်လှုပ်ရှားရှားနဲ့ ခြေရှပ်နေကြပါတယ်” ဟု တီးတိန်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်ကြောင်းသည် ယနေ့နေ့လယ် တီးတိန်-တွန်းဇံ ကားလမ်းပေါ်ရှိ Zalui ချောင်း တံတားထိ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် လက်ရှိ စစ်ကြောင်းသည် ရှေ့ဆက်တိုးခြင်း မရှိသေးဘဲ တံတားတွင် ရှိနေသေးကြောင်း သိရသည်။
“ဒီနေ့မနက် စစ်ကြောင်းက တီးတိန်-တွန်းဇံ Zalui တံတားထိ ရောက်ပါပြီ။ Zalui တံတားနဲ့ တွန်းဇံမြို့က မိုင် ၂၀ လောက် ဝေးသေးတယ်။ လောဆယ် စစ်ကြောင်း ရှေ့ဆက်တိုးတာမရှိသေးဘဲ တံတားမှာ ရပ်နား ထားတွေ့ရတယ်။ အဲစစ်ကြောင်းက ဘယ်ဘက်ဆက် ဦးတည်ပြီး စစ်ကြောင်းထိုးမလဲ မသိသေးဘူး”ဟု တီးတိန်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် တီးတိန်မြို့ရှိ တပ်စခန်းတွင် လေကြောင်းဖြင့် နှစ်ရက် ဆက်တိုက် တပ်အင်အား ဖြည့်တင်းနေပြီး တီးတိန်မြို့မှတစ်ဆင့် တွန်းဇံမြို့ကို ပြန်လည်ထိန်းချုပ်ရန်အတွက် ထိုးစစ်ဆင်နိုင် ကြောင်း စစ်ရေးစောင့်ကြည့်သူများက သုံးသပ်ထားသည်။
“စစ်ကောင်စီက တီးတိန်ကို လူအင်အား၊ လက်နက်အင်အားတွေ ဖြည့်တင်းထားတယ်။ တီးတိန်ကနေ တွန်းဇံကို ထိုးစစ်ဆင်လာနိုင်တယ်။ တွန်းဇံမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ စစ်ကောင်စီက ကြေညာထားပြီးဖြစ်တယ်။ဒါကြောင့် ရွေးကောက်ပွဲ မတိုင်ခင် ပြန်သိမ်းနိုင်ဖို့ ထိုးစစ်ဆင်တာဖြစ်မယ်” ဟု စစ်ရေးစောင့်ကြည့်သူ တီးတိန်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တီးတိန်မြို့ကို အောက်တိုဘာ ၂၆ ရက်နေ့ နှင့် ၂၇ ရက်နေ့က လေကြောင်းဖြင့် နှစ်ရက်ဆက်တိုက် ၁၀ ကြိမ်ထက်မနည်း တပ်အင်အားဖြည့်တင်းသလို ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့ကလည်း လေကြောင်းဖြင့် ထပ်အင်အားဖြည့်တင်းနေသည်။
တွန်းဇံမြို့ကို ချင်းပြည်အစိုးရ (CC) က ထိန်းချုပ်ထားသော်လည်း လာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကော်မရှင်၏ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ-ယနေ့အောက်တိုဘာ ၂၈ ရက်နေ့တွင် တီးတိန်မြို့သို့ ထပ်မံရောက်ရှိလာသည့် စစ်ကော်မရှင် ရဟတ်ယာဉ်။