ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၈ ရက်

 

ထိုင်းနိုင်ငံတွင် ဘုရင့်မယ်တော် မိဖုရားကြီးသီရိခေတ် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းခြင်းကာလ တစ်နှစ်သတ်မှတ်ထားသော်လည်း လွိုင်ကထုန်၊ နှစ်သစ်ကူးနှင့် ဆုန်ခရမ်ပွဲတော်တို့ကို အစီအစဉ် အတိုင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခရီးသွားလာရေး နှင့် အားကစားဝန်ကြီးကလည်း နှစ်သစ်ကူးနှင့် ဆုန်ခရမ်ပွဲတော်ကိုယခင်နှစ်ကဲ့သို့ စည်ကားစွာ ကျင်းပသွားမည်ဖြစ်ပြီး Sea Gameပြိုင်ပွဲအတွက် ပြင်ဆင်မှုများကိုလည်း ဆက်လက် လုပ်ကိုင်နေကြောင်း ပြောဆိုခဲ့သည်။

 

မိဘုရားကြီးသီရိခေတ် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းခြင်းကာလကို အစိုးရဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုဝမ်းထမ်းများအတွက် တစ်နှစ်သတ်မှတ်ထားပြီး ရက် ၉၀ အတွင်း တက်နိုင်သမျှ အမည်းရောင် များသာဝတ်ဆင်ကြရန်လည်း ထိုင်းအစိုးရက သတ်မှတ်ထားသည်။

“ထိုင်းကလူကြီးတွေ တော်တော်များများ အမည်းရောင်ဝတ်ကြတာ တွေ့ရတယ်။ ဆိုင်တွေ ရှော့ပင်းစင်တာတွေမှာလည်း အမည်းရောင်အကျီတွေ တင်ထားကြတယ်။ ကျန်တာကတော့ ပုံမှန်ပါပဲ” ဟု ဘန်ကောက်မြို့ရှိ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အထင်ကရပွဲတော်များကို ပုံမှန်အတိုင်းကျင်းပမည်ဟု ပြော‌ဆိုထားသော်လည်း ပွဲစီစဉ်သူများအနေဖြင့် မီးရှူးမီးပန်းပစ်ဖောက်ခြင်းကို လျော့ချခြင်း၊ အလင်းလျော့ချခြင်းတို့ကို ညှိနှိုင်းပြုလုပ်ရမည်ဖြစ်ပြီး မကြာမီကျင်းပမည့် မီးမျောပွဲ လွိုင်ကထုန်ပွဲတော်တွင် မိဖုရားကြီးကို ထည့်သွင်းဂုဏ်ပြုခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုင်းအစိုးရက အများပြည်သူများအနေဖြင့်လည်း ရက် ၃၀ အတွင်း အမည်းရောင်အပါအဝင် အရောင်ဖျော့သည့်အဝတ် အစားများကို ဝတ်ဆင်ရန်မေတ္တာရပ်ခံထားပြီး အဝတ်အထည်ဆိုင်များ ကိုလည်း ဈေးတင်ရောင်းချခြင်းမပြုလုပ်ရန် တိုက်တွန်းထားသည်။

 

ထို့ပြင် ဘုရင့်မယ်တော်မိဖုရားကြီးသိရိခေတ်၏ရုပ်အ‌လောင်းကို လာမည့် နိုဝင်ဘာ ၉ ရက်မှစတင်ကာ အများပြည်သူများ လာရောက်ဂါရဝပြုနိုင်ရန် ထိုင်း ဘုရင်မင်းမြတ်က ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း တော်ဝင်မိသားစုက ထုတ်ပြန်ခဲ့သည်။

 

ကိုးကား – The Nation Thailand