နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၈ ရက်
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာ၏ ကူညီပံ့ပိုးမှုမရဘဲ ငွေကြေးသန်းပေါင်းများစွာ ကုန်ကျခံ၍ ကိုယ်ထူကိုယ်ထ ကောက်ယူခဲ့သည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှာ နိုင်ငံအတွက် ဂုဏ်ယူရမည့် ကိစ္စရပ်ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
ထို့အပြင် လာမည့် ဒီဇင်ဘာတွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အောင်မြင်စေရေးအတွက်ပါ အထောက် အကူ ပြုနေသည် ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
အဆိုပါ သန်းခေါင်စာရင်း၏ ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို ယမန်နေ့ အောက်တိုဘာ ၂၇ ရက်က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

“ဒီသန်းခေါင်စာရင်း ကောက်ယူမှုကို ပြည်ပအကူအညီမပါဘဲ ပြည်တွင်းအားနဲ့ အောင်မြင်အောင် ဆောင်ရွက်ခဲ့ရတဲ့အတွက် နိုင်ငံအတွက် ဂုဏ်ယူရမယ့် အမျိုးသားရေးလုပ်ငန်းစဉ် အောင်မြင်မှုတစ်ရပ် ဖြစ်တယ်။ ကမ္ဘာ့အလယ်မှာလည်း သမိုင်းမှတ်တိုင် စိုက်ထူနိုင်တယ်” ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးမရမီနှင့် ရပြီးနောက် ၁၉၇၃၊ ၁၉၈၃၊ ၂၀၁၄ စသဖြင့် သန်းခေါင်စာရင်းများ ကောက်ယူခဲ့ဖူးသော်လည်း၊ အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ကောက်ယူသည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကိုမူ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ အသိအမှတ်မပြုကြောင်း သိရသည်။
ထို့အပြင် မြေပြင်တွင် တိုက်ပွဲများကြောင့် ပြည်သူ သိန်းချီ ရွှေ့ပြောင်းနေထိုင်နေရသော အချိန် ကာလတွင် ကောက်ယူခဲ့ခြင်း ဖြစ်ရာ အဆိုပါစာရင်းသည် နယ်မြေဒေသ အများအပြားကို လွှမ်းခြုံနိုင်မှုမရှိဘဲ ၎င်းတို့ ခန့်မှန်း ထည့်သွင်းထားသော လူဦးရေသည်လည်း မြေပြင်နှင့် ကွဲလွဲနေကာ တိကျမှန်ကန်မှု မရှိကြောင်း သိရသည်။

သို့သော် စစ်ခေါင်းဆောင်ကမူ လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်းများ ဆောင်ရွက်ရာ၌ ၂၀၂၄ သန်းခေါင်စာရင်း၏ လူဦးရေကိန်းဂဏန်းများက အထောက်အကူပြုနေသည် ဟု ပြောဆို ခဲ့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။
ယင်းအပြင် စစ်ခေါင်းဆောင်၏ ပြောဆိုမှုတွင် နိုင်ငံ၏လူဦးရေသည် ပထမဆုံးအကြိမ် အနည်းငယ် လျော့ကျလာသည်ကို ဖော်ပြခဲ့ပြီး အကြောင်းရင်းမှာ မွေးဖွားနှုန်းကျဆင်းခြင်း၊ ရွှေ့ပြောင်းသွားလာမှု မြင့်မားလာခြင်း တို့ကိုသာ ထောက်ပြ၍ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည့် အခြေအနေကို ထိန်ချန်ဖုံးကွယ်ထားကြောင်း တွေ့ရသည်။
ထို့ပြင် ၎င်း၏ စစ်မှုထမ်းဥပဒေကြောင့် လူငယ်များ ထိခိုက်သေဆုံးမှုနှင့် ရွှေ့ပြောင်းသွားလာမှု များရှိနေသော်လည်း “လူငယ်လူရွယ်ဦးရေသည် ယခုများပြားနေဆဲဖြစ်၍ တစ်နည်းအားဖြင့် လူဦးရေ ဆုလာဘ်များရရှိနေဆဲကာလဖြစ်ကြောင်း” ကိုလည်း စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့သည်။
ဓာတ်ပုံ – MOI၊ လူမှုကွန်ရက်
ပုံစာ-စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းရန် အဓမ္မစုဆောင်းခြင်း ခံရသူများ၊ ပြပသို့ ထွက်ခွာမည့်မြန်မာလုပ်သားများ။