ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ အောက်တိုဘာ ၂၆ ရက်)

ကျန်းမာရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအရ နေ့စဉ်ဘဝမှာ တခြားသူတွေနဲ့ မျှဝေမသုံးသင့်တဲ့ ပစ္စည်းတွေရှိပါတယ်။ မိသားစုဝင်အချင်းချင်းတောင်မှ ချစ်ခင်ရင်းနှီးပေမဲ့ ကျန်းမာရေးနှင့် တစ်ကိုယ် ရည်သန့်ရှင်းရေးအရ လုံးဝ (လုံးဝ) မျှဝေမသုံးသင့်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ မိသားစုဝင် အချင်းချင်းပင် ပိုးမွှား၊ မှိုနှင့် ရောဂါပိုးတွေ ကူးစက်နိုင်ခြေရှိတာကြောင့် တစ်ဦးချင်းစီအတွက် သီးသန့်ထားသင့်ပါတယ်။

◼️သွားတိုက်တံ (Toothbrush)

မနက်နိုးထချိန် သွားတိုက်တဲ့အကျင့် လူတိုင်းမှာရှိကြပါတယ်။ သွားတိုက်မည့် သွားတိုက်တံက တစ်ကိုယ်ရည်သုံး ဖြစ်ရပါမယ်။ အစာစားပြီးတိုင်း သွားတိုက်ပေးတာက ကောင်းမွန်တဲ့ အကျင့် လေးတစ်ခုဖြစ်ပါတယ်။ သွားတိုက်တံမှတစ်ဆင့် (ခံတွင်း) ပါးစပ်ထဲက ပိုးမွှားတွေ၊ သွေးစတွေ လူတစ်ဦးမှတစ်ဦး ပျံ့နှံ့ပြီး ရောဂါကူးစက်နိုင်ပါတယ်။ မျှဝေအသုံးပြုခြင်း မလုပ်သင့်ပါ။ သွားတိုက် တံကိုလည်း အလွန်ဆုံး ခြောက်လမတိုင်ခင် တစ်ကြိမ် အသစ်လဲပေးသင့်ပါတယ်။

◼️မုတ်ဆိတ်ရိတ်ဓား၊ အမွေးရိတ်ဓား (Razor – shaver)

မုတ်ဆိတ်ရိတ်ဓားဆိုတာလည်း မျှဝေမသုံးရမယ့် ပစ္စည်းပါ။ အသုံးပြုစဉ် သွေးစွန်းနိုင်တဲ့အတွက် သွေးမှကူးစက်တဲ့ရောဂါတွေ အန္တရာယ်ရှိပါတယ်။ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး ရိတ်ကြရသူ ညီအစ်ကိုတွေ အထူးဂရုပြုသင့်ပါတယ်။ အရေပြားဆဲလ်သေတွေ၊ ပိုးမွှားတွေ၊ ချေးညှော်အညစ် အကြေးတွေနှင့် မတော်တဆ ထိခိုက်မိပါက သွေးစများမှတစ်ဆင့် အသည်းရောင်အသားဝါ (Hepatitis) ကဲ့သို့သော ရောဂါများပင် ကူးစက်နိုင်ပါတယ်။

တစ်ခါသုံးပစ္စည်းများကိုဖြစ်စေ၊ တစ်ကိုယ်ရည်သုံးပစ္စည်းအဖြစ် အခြားမည်သူ့ကိုမဆို ငှားရမ်း မသုံးစွဲဘဲ တစ်လက်ကိုင်အဖြစ်သာ သုံးစွဲရပါမယ်။

◼️လက်သည်းညှပ်၊ ခြေသည်းညှပ် (Nail Clipper/Trimmer)

မိသားစုတစ်ခုမှာ လက်သည်းညှပ်တစ်ခုပဲ ရှိပြီး အတူတူမျှဝေသုံးစွဲတာက မသင့်တော်ပါဘူး။ လက်သည်းခြေသည်း မှိုစွဲခြင်းရောဂါတွေနဲ့ တခြားပိုးမွှားတွေကြောင့် ကူးစက်တဲ့ ရောဂါတွေ ပျံ့နှံ့နိုင်ပါတယ်။ ဒါကြောင့် လူတစ်ယောက်လျှင် လက် သည်းညှပ်တစ်ခု ရှိရပါမယ်။ ကိုယ်ပိုင် လက်သည်းညှပ်များသာ သုံးပြီး လူအချင်းချင်း ကြွက်နို့နှင့် ဘက်တီးရီးယားပိုးများ ကူးစက်ခြင်းကို လျှော့ချနိုင်ပါတယ်။

◼️မျက်နှာသုတ်ပုဝါ၊ ကိုယ်သုတ်ပုဝါ (Face Towel/Bath Towel)

အရေပြားနှင့် ကိုယ်ခန္ဓာ သန့်ရှင်းရေးပစ္စည်းများဖြစ်သည့် ရေချိုးပြီးသုံးရတဲ့ ရေသုတ်ပုဝါတွေကိုလည်း မျှဝေမသုံးစွဲသင့်ပါဘူး။ အသုံးပြုပြီးတိုင်း နေပူပူမှာ လှန်းထားသင့်ပါတယ်။ စိုစွတ်နေတဲ့ မျက်နှာသုတ်ပုဝါတွေဟာ ဘက်တီးရီးယား၊ မှိုနှင့် အသားအရေ မှိုစွဲရောဂါ၊ ပွေးရောဂါ၊ ယားနာရောဂါတွေ ပေါက်ပွားရာနေရာဖြစ်ပါတယ်။

မျက်နှာသုတ်ပုဝါတွေကို မကြာခဏ လျှော်ဖွတ်ပေးရပါမယ်။ ပြုတ်လျှော်ပါက အကောင်းဆုံး ဖြစ်ပါတယ်။ အရေပြားမှိုရောဂါများ၊ ဝက်ခြံပိုးများ၊ ယားနာများ ကူးစက်မှုကို တားဆီးရာ ရောက်ပါတယ်။

◼️ရေချိုးဆပ်ပြာတုံး (Bar Soap)

ရေချိုးဆပ်ပြာတုံးရဲ့ မျက်နှာပြင်မှာ အသုံးပြုသူရဲ့ အရေပြားဆဲလ်သေများ၊ ဘက်တီးရီးယားနဲ့ မှိုပိုးတွေ ကပ်ငြိကျန်နေနိုင်ပါတယ်။ ဆပ်ပြာတုံးကို အတူတူမျှဝေမသုံးသင့်ပါဘူး။ ဆပ်ပြာရည် (Liquid Soap- shower cream) ကို မျှဝေသုံးတာကတော့ ပိုအန္တရာယ်ကင်းပါတယ်။

◼️ရေချိုးဖတ်၊ ချေးတွန်းဖော့ (Loofah/Bath Sponge)

အရေပြားဆဲလ်သေတွေကို ဖယ်ရှားတဲ့အခါ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေ စုပြုံနေတတ်ပြီး စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာ ပိုပွားများပါတယ်။ ဒါကြောင့် အခြားသူရဲ့ ရေချိုးခန်းသုံးပစ္စည်းတွေကို ယူမသုံး သင့်ပါဘူး။

◼️မျက်နှာအလှအပသုံးမိတ်ကပ်လိမ်းခြယ်ကိရိယာများ (Makeup Brushes/Facial Cleansing Brushes/Sponges)

မိတ်ကပ်ခြယ်မှုန်းတဲ့ အလှပြင်ပစ္စည်းတွေ မျှဝေသုံးစွဲတဲ့အခါ ဘက်တီးရီးယား၊ ဆဲလ်သေတွေ ကပ်ပါလာခြင်းကြောင့် ဝက်ခြံနဲ့ အရေပြားပိုးဝင်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဖြစ်နိုင်ရင် ကိုယ်ပိုင်ပစ္စည်းများကိုသာ သီးသန့်အသုံးပြုသင့်ပါတယ်။ အသုံးပြုနေတဲ့ အလှအပသုံးလိမ်းခြယ် ကိရိယာများကိုလည်း အခါအားလျော်စွာ ဆေးကြောသန့်စင်ကြဖို့ လိုအပ်ပါတယ်။

အလှကုန်များ၊ မိတ်ကပ်ပစ္စည်းများ (Make-up/Cosmetics)
မိတ်ကပ်တွေ၊ ပါးနီတွေ၊ နှုတ်ခမ်းနီတွေ၊ မျက်တောင်ကော့ဆေးတွေကို မျှဝေသုံးကြပါသလား။ တကယ်တော့ မျှဝေမသုံးသင့်ပါဘူး။

မျက်လုံးအလှပြင်ပစ္စည်းတွေ၊ မျက်တောင်ကော့ဆေးတွေကနေ (Mascara, Eyeliner) မျက်စိပိုးဝင်ခြင်း၊ မျက်စိနာခြင်း (Conjunctivitis) ကဲ့သို့သော ရောဂါများ ကူးစက်နိုင်ပါတယ်။

နှုတ်ခမ်းဆိုးဆေး၊ နှုတ်ခမ်းအဆီ (Lipstick/Lip Balm) တွေမှ ရေယုန် (Herpes Simplex Virus) နှုတ်ခမ်းနှင့် ပါးစပ်တွင် အလွယ်တကူ ကူးစက်နိုင်ပါတယ်။

ချိုင်းလိမ်းတောင့်၊ ချွေးနံ့ထိန်းဆေး (Deodorant Roll-on)
ချိုင်းလိမ်းတောင့်၊ ချွေးနံ့ထိန်းဆေးတွေက ချွေးထွက်များတဲ့ ချိုင်းအရေပြားကို တိုက်ရိုက်ထိတွေ့ ရတာကြောင့် ဘက်တီးရီးယားတွေကို လွယ်လွယ်ကူကူ ကူးစက်ပြန့်ပွားနိုင်ပါတယ်။ Roll-on တွေကို ကျန်းမာရေးရှုထောင့်အရ မျှဝေသုံးစွဲခြင်း မလုပ်သင့်ပါဘူး။ Spray ဖြန်းဆေးအမျိုးအစားများကိုတော့ မျှဝေအသုံးပြုဖို့ ပိုစိတ်ချနိုင်ပါတယ်။

◼️နားကြပ်တံ (Cotton Swab)

နားအတွင်း ပိုးမွှားတွေကူးစက်နိုင်တဲ့အပြင် နားစည်ကို ထိခိုက်စေနိုင်ပါတယ်။ နားဖာချေး ကလော်တာကို ပုံမှန်အားဖြင့် မလုပ်သင့်ပါဘူး။ ရေကူးပြီးချိန်မှာဖြစ်ဖြစ်၊ ခေါင်းလျှော်ပြီးချိန်မှာဖြစ်ဖြစ် ဂွမ်းနားကြပ်တံဖြင့် နားအတွင်း ရေမကျန်အောင် ညင်ညင်သာသာ သန့်စင်ပေးနိုင်ပါတယ်။ နားကြပ်တံတွေကိုလည်း မျှဝေမသုံးစွဲသင့်ပါဘူး။

◼️ခေါင်းဖီးဘီး (Comb/Hairbrush)

ဦးရေပြားရောဂါတွေ၊ သန်း၊ ဗောက်၊ အရေပြားမှိုရောဂါတွေ ကူးစက်နိုင်ပါတယ်။ အခြားသူရဲ့ ဘီးကို ယူမဖြီးသင့်ပါဘူး။ ကိုယ့်ဘီးနှင့်ကိုယ်သာ အသုံးပြုသင့်ပါတယ်။ မျှဝေမသုံးသင့်ပါဘူး။

◼️ခြေအိတ်၊ ဖိနပ်၊ ရေချိုးခန်းဖိနပ် (Socks, Shoes/Flip-flops)

ခြေဖဝါးပြင်နဲ့ ထိတွေ့ရတဲ့ ဖိနပ်နဲ့ ခြေထောက်အသုံးအဆောင်တွေဟာ ခြေဆီတွေ၊ ဖုန်မှုန့်တွေ၊ သန်ကောင်တွေ၊ မှိုတွေရဲ့ ရောဂါဖြစ်စေခြင်း ကူးစက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် သဲဝဲစားခြင်း၊ ခြေထောက်မှိုစွဲခြင်း (Athlete’s Foot) စတဲ့ရောဂါတွေ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ပစ္စည်းများ မျှဝေခြင်းတွေကို မလုပ်သင့်ပါဘူး။

◼️နားကပ်များနှင့်လက်ဝတ်တန်ဆာများ (Earrings and piercing accessories)

နားကပ်နှင့် ခန္ဓာကိုယ်ထွင်းဖောက်ဝတ်ဆင် လက်ဝတ်တန်ဆာများမှ ရောဂါတွေ ကူးစက်နိုင်ပါတယ်။ သွေး၊ ကိုယ်တွင်းအရည်တွေနဲ့ ထိတွေ့နိုင်ပြီး ရောဂါမကူးစက်ရအောင် အခြားသူရဲ့ပစ္စည်းတွေကို ဝတ်ဆင်ခြင်း မပြုသင့်ပါဘူး။

◼️ရေဘူး၊ ဖန်ခွက်၊ ကော်ဖီခွက် (Water Bottle/Glass)

ခွက်တစ်ခုထဲ အတူတူသောက်မိတဲ့အခါ တံတွေးအမှုန်အမွှားမှတစ်ဆင့် အအေးမိ၊ တုပ်ကွေး၊ အစာအိမ်ပိုး စတဲ့ပိုးတွေ ကူးစက်နိုင်ပါတယ်။ ခွက်တွေ၊ ရေဘူးတွေ မျှဝေတာ မလုပ်သင့်ပါဘူး။ ကိုယ်ပိုင်ရေခွက်၊ ဖန်ခွက်၊ ကော်ဖီခွက်များ အမှတ် အသား လုပ်ကာ အသုံးပြုခြင်းကို အားပေးပါတယ်။

◼️နားကြပ် (Headphones/Earbuds)

သီချင်းနားထောင်တဲ့ နားကြပ်တွေ အချိန်ကြာမြင့်စွာ တပ်ခြင်းကြောင့်၊ အသံကျယ်ကျယ် နားထောင်ခြင်းကြောင့် နားကျန်းမာရေး ထိခိုက်ရပါတယ်။ နားဖာချေးထဲက ဘက်တီးရီးယားတွေဟာ နားကြပ်မှာ ကပ်ငြိနေနိုင်ပြီး နားပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ နားကြပ်တွေကို မျှဝေသုံးတဲ့အခါ နားမှိုစွဲခြင်းနဲ့ နားထဲမှာရှိတဲ့ ဘက်တီးရီးယားတွေ ကူးစက်ပြန့်ပွားတတ်ပါတယ်။

◼️တစ်ကိုယ်ရေသုံး ဆေးပစ္စည်းများ (Personal Medical Items)

အပူချိန်တိုင်းကိရိယာ (ပါးစပ်နဲ့ စအိုသုံး) သာမိုမီတာနှင့် ကျန်းမာရေးသုံးပစ္စည်းတွေကို မျှဝေမသုံးသင့်ပါ။ ဖြစ်နိုင်လျှင် တစ်ခါသုံးပစ္စည်းများကိုပဲ ရွေးသုံးရပါမယ်။

ဇာဂနာ (Tweezers) ဆိုတာ အမွေးနုတ်ရင်း အရေပြားပေါက်ပြဲခြင်း သို့မဟုတ် သွေးစွန်းခြင်း ဖြစ်ခဲ့ပါက ပိုးမွှားများ ကူးစက်နိုင်ပါတယ်။ မျှဝေသုံးခြင်း မပြုသင့်ပါ။

◼️မလျှော်ဖွတ်ရသေးသော အဝတ်အစားများ (Unwashed Clothes/Underwear)

အခြားသူအသုံးပြုထားတဲ့ အဝတ်အစားတွေ အထူးသဖြင့် အတွင်းခံအဝတ်အစားတွေ၊ အားကစား ဝတ်စုံတွေဆိုတာ ချွေးထိတွေ့မှုများတာကြောင့် အရေပြားပိုးဝင်ခြင်းနဲ့ မှိုပိုးတွေ ကူးစက်နိုင်ပါတယ်။ အဝတ်အစား ငှားတဲ့ ဝန်ဆောင်မှုလုပ်ငန်းများမှ အထည်များကို သေချာရွေးချယ်ကြည့်ရှုပြီးမှ ဝတ်ဆင်စေချင်ပါတယ်။

ဧရာ၀တီတိုင်းမ် စာဖတ်သူပရိသတ်များလည်း မျှဝေမသုံးသင့်တာတွေ မမျှဝေဘဲ ကျန်းမာရေးအရ ကိုယ်ပိုင်ပစ္စည်းများကို စနစ်တကျအသုံးပြုကြပါ။ နောက်တစ်ပတ်မှာတော့ “ကိုလက်စထရော အဆီ” အကြောင်း ရှင်းပြပေးသွားမှာပါ။ အားလုံးပဲ ကျန်းမာတဲ့ဘဝတွေ ရရှိကြပါစေ။