ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊အောက်တိုဘာလ ၂၆ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို စစ်ကော်မရှင်တပ်ဖွဲ့မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ မီးသတ်ရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံ သုံးလုံး ထိခိုက်ပျက်စီးသွားသည် ဟု မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။
ကန်ပက်လက်မြို့၊ မြို့မရပ်ကွက်ရှိ မီးသတ်ကုန်းကို ယမန်နေ့ အောက်တိုဘာ ၂၅ ရက်၊ ည ၈ နာရီ ၃၀ မိနစ်တွင် နေပြည်တော်၊ အေလာလေတပ်စခန်းမှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးသီးနှစ်လုံး လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“မနေ့ညက မီးသတ်ကုန်းကို ဗုံးသီးနှစ်လုံး ပစ်ချသွားပါတယ်။ လူထိခိုက်မှုတော့ မရှိဘူး။ မီးသတ်ရုံး နဲ့ ဝန်ထမ်းအိမ်ယာတွေ အကုန်လုံး ပျက်ဆီးနေပါတယ်။”ဟု ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့သော မီးသတ်ကုန်းတွင် မည်သည့် စစ်ရေးလှုပ်ရှားမှုမျှ မရှိသည့်အခြေအနေ ၌ စစ်ကော်မရှင်မှ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင်သည် ပြည်သူနှင့် တော်လှန်ရေးအဖွဲ့ကို ခွဲခြားခြင်းမရှိဘဲ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေသည့်အတွက် လေကြောင်းအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်မည့် ကတုတ်ကျင်းများ ဆောက်လုပ်ရန်နှင့် လူစုလူဝေး ရှောင်ရှားရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားသည်။
“ပြည်သူတွေအနေနဲ့ လေကြောင်းရန်မှ အကာအကွယ်ရှိနေနိုင်မယ့် နေရာတွေကို လုပ်ဆောင်စေချင်ပါတယ်။ NUG အစိုးရရဲ့ လမ်းညွှန်ချက်တွေကို အမြဲ ဂရုပြု လုပ်ဆောင်ကြစေချင်ပါတယ်” ဟု ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း ကန်ပက်လက်မြို့၊ မြို့မရပ်ကွက်ကို စစ်ကော်မရှင်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် သုံးဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည် ဟု မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ကန်ပက်လက်မြို့နယ်အတွင်း နေထိုင်ကြသည့် ပြည်သူလူထုများအား လူစုလူဝေး ဖြစ်စေနိုင်သည့် မည်သည့်ပွဲမဆို လတ်တလောအချိန်တွင် ကျင်းပပြုလုပ်ခြင်းများ ရှောင်ရှားကြပါရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ အောက်တိုဘာ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။