ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၆ ရက်
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ ကျားဖြန့် ငွေလိမ်လုပ်ငန်း KK Park ဝင်ရောက်စီးနင်းခံရပြီးနောက် စစ်ကော်မရှင်၏ စွပ်စွဲချက်များနှင့်ပတ်သက်ပြီး KNU အမျိုးသားအစည်းအရုံးက ငြင်းဆိုချက်ထုတ်ပြန်ထားသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက် မြေငှားရမ်းခြင်းနှင့် လုံခြုံရေးစောင့်ရှောက်ခ ရယူခြင်းတို့ဖြင့် အကျိုးအမြတ်ရရှိနေသည်ဟု စစ်အုပ်စု၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် စစ်အုပ်စုလက်အောက်ခံ မီဒီယာအချို့က စွပ်စွဲထားချက်အပေါ် KNU က ယနေ့အောက်တို ဘာ ၂၆ ရက်နေ့တွင် ပြတ်ပြတ်သားသားငြင်းဆိုလိုက်ကြောင်း ထုတ်ပြန်လာသည်။
စစ်ကော်မရှင်ဘက်ကစွပ်စွဲထားသည့် ဧက ၁၀၀ မြေကွက်ကို ထိုင်းကုမ္ပဏီနှင့်ပူးပေါင်းဆောင်ရွက်ခြင်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာကတည်းက ရပ်ဆိုင်းနှုတ်ခဲ့ပြီး KK Park အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့် ဧက ၅၀၀ ရှိသော မြေကွက်မှာ သီးခြားစီဖြစ်ပြီး မြေကွက်တစ်ခုနှင့် တစ်ခုမှာ သုံးကီလိုမီတာ အကွာတွင် တည်ရှိသည်ဟု KNU က ပြောသည်။
အဆိုပါ အချက်များကြောင့် KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းသည် KNU နှင့် လုံး၀သက်ဆိုင်ခြင်းမရှိဘဲ စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ၏ စွပ်စွဲချက်ကို KNU အနေဖြင့် ပြတ်ပြတ်သားသားငြင်းဆိုသည်ဟု ဖော်ပြထားသည်။
စစ်အုပ်စုအနေဖြင့် မြန်မာနိုင်ငံအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းများမှ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးအရ အကျိုးအမြတ်ရရှိနေမှုကို ဖုံးကွယ်လိုသည့်အတွက် KNU ကို စွပ်စွဲပြီး မဟုတ်မမှန်သော သတင်းအမှားများ ဖြန့်ချိမှုသာဖြစ်သည့်အတွက် KNU အနေဖြင့် ငြင်းပယ်သည်ဟု သတင်းထုတ်ပြန်ထားသည်။
ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသည့် KK Park ကို စစ်ကော်မရှင်က ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ပြီးနောက် နယ်ခြားစောင့်တပ် BGF က ဗုံးကြဲ ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်နေ့ ညနေ ၆ နာရီခန့်တွင် KK Park အတွင်း BGF က မိုင်းခွဲဖျက်ဆီးမှုပြုလုပ်ခဲ့သည်မှာ စစ်ကော်မရှင်နှင့် တရုတ်ကိုယ်စား လှယ်များ လာရောက်စစ်ဆေးရန်ရှိသည့်အတွက် ကြိုတင်ရှင်းလင်းခြင်းဖြစ်သည်ဟုလည်း သတင်းများထွက်ပေါ်ခဲ့သည်။
KK Park အတွင်းရှိ ကျားဖြန့်လုပ်ငန်းကို စစ်ကော်မရှင်က ဝင်ရောက်စီးနင်းပြီးနောက် အောက်တိုဘာ ၂၂ ရက် နံနက်အစောပိုင်းအချိန်မှစ၍ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ ၁၀၀၀ နီးပါး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခဲ့ကြသည်။