
ဧရာဝတီတိုင်းမ်
ဇွန် ၂၉ ရက်
မြန်မာနိုင်ငံတွင် စက်သုံးဆီဖြန့်ဖြူးရေးနှင့် ပက်သက်ပြီး အခက်အခဲများစွာရှိနေသော အခြေအနေများကို ဖြေရှင်းရန် အာဏာသိမ်းစစ်ကောင်စီအနေဖြင့် Differ Payment ဖြစ်သော ဆိုင်းငံ့ငွေပေးချေမှုစနစ်ဖြင့် တင်သွင်းနိုင်မည့် သွင်းကုန်လုပ်ငန်းရှင် များကို ဝန်ဆောင်မှုပေးရန်အတွက် စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်း ဝန်ကြီးဌာနက ဖိတ်ခေါ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဇွန် ၂၄ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံ ခြားငွေ ဒေါ်လာကို လက်ဝယ်ကိုင်ဆောင်ခြင်း ၂၄ နာရီသာ ရရှိခြင်း၊ တခြား သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းရှင်များထံရှိ ဒေါ်လာကိုလည်း အချိန်ကန့်သတ်လိုက်ခြင်းများကြောင့် ဒေါ်လာအလွှဲအပြောင်းနှင့် အရောင်းအဝယ်ပြုနိုင်ရန်အခက်အခဲရှိခြင်း၊ မြန်မာနိုင်ငံပြည်တွင်းပုဂ္ဂလိကဘဏ်များအနေဖြင့်သွင်းကုန်၊ထုတ်ကုန်လုပ်ငန်း ရှင်များကို နိုင်ငံခြားကုမ္ပဏီများထံသို့ အာမခံပေးသည့် Letter of Credit(LC) ထုတ်ပေးနိုင်ရန် အာမခံချက်ကို နိုင်ငံခြားဘဏ်များက လက်မခံခြင်းများကြောင့် လုပ် ကိုင်ချင်သူများတွင် အခက်တွေ့နေရကြောင်း ပြည်တွင်း စက်သုံးဆီလုပ်ငန်းရှိ လုပ်ငန်းရှင်တချို့က ဝေဖန်လိုက်သည်။
”အဓိက ပြောရရင်တော့ ဗဟိုဘဏ်မှာ ဒေါ်လာရှားနေပြီလို့ပဲ ဆိုတော့မယ်။ ကျနော်တို့ ဆီလုပ်ငန်းရှင်တွေကို ဒေါ်လာ ထုတ်မရောင်းနိုင်တာလဲ လနဲ့ချီနေပြီ။ အရင်နိုင်ငံတော် အရန်ထားထားတဲ့ ဒေါ်လာတွေကို ဘယ်ကိုရောက်သွားကုန်လဲ မေးခွန်းပဲမေးရတော့တယ်။ ကျနော်တို့ ဆီတင်သွင်းတဲ့ Importer တွေကို ဒေါ်လာကို ခဏ စိုက်ခိုင်းတာဆိုပေမယ့် ကျနော်တို့မှာလည်း ဒေါ်လာကို လက်ထဲကြာကြာကိုင်ခွင့်မရှိဘူး။ အပြင်က ကိုယ့်ဘာသာ ဒေါ်လာပြဿနာဖြေရှင်းပြန်ရင်လည်း ဒီဒေါ်လာက ဘယ်ကလာလဲဆိုတာနဲ့ ပြဿနာက တက်ဦးမယ်” ဟု မြန်မာ နိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များ အသင်း MPTA ဝင် ဆီလုပ်ငန်းရှင် တဦးက ဧရာဝတီတိုင်းမ်သို့ ဆိုသည်။
ထို့အပြင် ယခုလို စစ်ကောင်စီဘက်က ထုတ်ပြန်ခြင်းသည် လက်ရှိ သတင်းထွက်နေသော အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူက ရုရှားနိုင်ငံမှ ဆီတင်သွင်းရန် ကြိုးပမ်းမှုကို လမ်းဖွင့်ပေးခြင်းမျိုးလည်း ယူဆရကြောင်း ဆီလုပ်ငန်းရှင်တချို့က သုံးသပ်သည်။
အထူးသဖြင့် မင်းအောင်လှိုင်၏ သားဖြစ်သူ ဦးအောင်ပြည့်စုံနှင့် ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်နှင့် ဦးအောင်မြင့် Lucky Star ကုမ္ပဏီတို့မှ ဆီတင်သွင်းရန် တခြားကုမ္ပဏီများကို လိုက်လံကမ်းလှမ်းနေကြောင်း၊ ထိုအစီအစဉ်တွင် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေး အသင်း MPTA ၏ အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်၏ မြတ်မေတ္တာမွန် ကုမ္ပဏီလည်း ပါဝင်ကြောင်း ဧရာဝတီသတင်းဌာနက ယခုလ ၂၅ ရက်နေ့က ရေးသားခဲ့သည်။
“ဖြစ်နိုင်တာကတော့ သူတို့အုပ်စုက ဒေါ်လာကို အပြင်က လုပ်ငန်းရှင်တွေဖြစ်တဲ့ Denko၊ Max၊ Green Luck တို့လို ခရိုနီတွေကို နိုင်ငံခြားက တိုက်ရိုက်တင်သွင်းမှုတွေကို လျော့ချပြီးတော့ သူတို့နဲ့ ပလဲနံသင့်တဲ့သူတွေကို ဆီလောကထဲ ဝင်ချုပ်ကိုင်ဖို့ လမ်းစတခု လုပ်တယ်လို့ပဲမြင်တယ်။ ဒေါ်လာကိုရသလောက်ကျပ်လိုက်တယ်။ နိုင်ငံ တော်ပိုင် ဒေါ်လာတွေကို သူတို့က ချုပ်ကိုင်လိုက်တယ်။ ပြီးတော့မှ သူတို့အထောက်အကူဖြစ်မယ့်သူတွေကို ခရိုနီလောကထဲ ဝင်ဆန့်အောင်လုပ်တယ်လို့ပဲ ကျနော်တော့ ယူဆတယ်” ဟု MPTA အသင်းဝင် ဆီလုပ်ငန်းရှင်တဦးက ဆိုသည်။
ထို့အပြင် လက်ရှိ စက်သုံးဆီကို ဖြန့်ဖြူးရာတွင်လည်း နိုင်ငံခြားမှ တင်သွင်းသော Importer များနှင့် တိုက်ရိုက်ချိတ်ဆက် ဖြန့်ဖြူးရောင်းချနေသော အသေးစားနှင့် အလတ်စား SME စက်သုံးဆီဆိုင်များကိုလည်း ယခင်ကလို အလျဥ်းသင့်သလို ချိတ်ဆက်ဝယ်ယူရေးကနေ သတ် သတ်မှတ်မှတ် ပြုလုပ်ပြီးမှသာ တင်သွင်းရောင်းချရန် MPTA က ထပ်မံညွှန်ကြားခဲ့သည်။