ဆောင်းပါးရှင်-ကိုရင်တာတေ
(ဧရာ၀တီတိုင်းမ်၊ အောက်တိုဘာ ၂၅ ရက်)
မြန်မာ့အခင်းအကျင်းက ရှုပ်ထွေးသထက် ရှုပ်ထွေးလာတယ်။ မင်းအောင်လှိုင် စစ်တပ်က ရွေးကောက်ပွဲ လုပ်မယ်ဆိုတော့ ပိုပြီး ရှုပ်ထွေးလာရတာပေါ့။ ဒီရှုပ်ထွေးမှုတွေရဲ့ နောက်ကွယ်မှာ အဓိကကျတာကတော့ အကျိုးစီးပွား (Interests) ပါပဲ။ မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ နိုင်ငံတကာနဲ့ ဒေသတွင်း နိုင်ငံတွေမှာလည်း အကျိုးစီးပွား၊ ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေမှာလည်း အကျိုးစီးပွားနဲ့ချည်းပါပဲ။
အကျိုးစီးပွား မရှိသလောက် နည်းတာလို့ ပြောရရင် စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်မှန်သမျှကို မကြိုက်လို့ တော်လှန်နေကြတဲ့ ပြည်သူတွေပဲ ရှိတယ်။ ဒီလို တော်လှန်သူတွေကြားမှာတောင် ပိုးကိုက်၊ ပိုးထိုးတွေ ပါလို့ သောသောညံ အသံတွေက ထွက်ထွက်လာတတ်ပြန်ပါတယ်။
နိုင်ငံတကာရဲ့ အကျိုးစီးပွား ကစားကွက်
ဗိုလ်မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲ ကစားကွက်ကို အိမ်နီးချင်း အင်အားကြီး တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံ စလုံးက ပေါ်ပေါ်တင်တင်ကို ဝင်ပါနေပါပြီ။
တရုတ်ရဲ့ အခန်းကဏ္ဍ
တရုတ်ဟာ သူ့ နောက်ပေါက် လုံခြုံရေးအတွက် မြန်မာပြည်ကို အရေးပါတဲ့ ကြားခံဇုန် အဖြစ် မြင်ပါတယ်။ ဒါ့အပြင် ယူနန်ဒေသအပါအဝင် တခြားသော ဒေသအတွက် လိုအပ်တဲ့ စွမ်းအင်ဖြည့်တင်းရေးအတွက် ရေနံပိုက်လိုင်း လုံခြုံရေး က အသက်ပါပဲ။ ဒါကြောင့်လည်း ပိုက်လိုင်းလုံခြုံရေးအတွက် အဓိကကျပြီး စစ်အုပ်စု ဆုံးရှုံးထားတဲ့ လားရှိုးဒေသကို အကျိုးစီးပွားတစ်ခုတည်းအတွက် ကြားဝင်ဖြေရှင်းပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ (EROs) တွေလက်ကနေ လုယူပြီး အကြမ်းဖက်စစ်တပ် ဆီ ပြန်ပေးခဲ့တာလို့ သုံးသပ်နိုင်ပါတယ်။
အိန္ဒိယရဲ့ ရည်မှန်းချက်
အိန္ဒိယဘက်ကို ကြည့်ရင်လည်း ထိုနည်းနှင်နှင်ပါပဲ။ မြေရှားသတ္တု (Rare Earth) အတွက် တရုတ်ရဲ့ လွှမ်းမိုးမှုအောက်က ရုန်းထွက်ချင်တဲ့သဘောရှိပါတယ်။ ဒါကြောင့် EROs တွေဆီက တိုက်ရိုက်ယူနိုင်အောင် ဒုတိယကမ္ဘာစစ်က ကမ္ဘာကျော်ခဲ့တဲ့ လီဒိုလမ်း (Ledo Road) ကို ပြန်လည်ပြင်ဆင်ပေးမယ်ဆိုပြီး ခြေလှမ်းစထားပေမယ့် မင်းအောင်လှိုင်တို့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကိုလည်း တစ်ဖက်က ကူညီမယ်ဆိုတာကို ပေါ်ပေါ်တင်တင် ထုတ်ပြောထားပြီး ဖြစ်ပါတယ်။
ထိုင်း၏ဗျူဟာ
တခြားသော အာဆီယံနဲ့ ဒေသတွင်း နိုင်ငံတွေအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ရင် အကျိုးစီးပွား ကြီးကြီးမားမား ရှိတာ ထိုင်းတစ်ခုတည်းပဲ ရှိတယ်လို့တောင် ဆိုရမှာပါ။ သူ့နိုင်ငံမှာ လိုအပ်တဲ့ အဆင့်နိမ့်ပြီး လစာပေးရတာနည်းတဲ့ လုပ် သားအင်အားထုကြီးက မြန်မာပြည်မှာ ရှိနေတာကြောင့်ပါ။
အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ ဗျူဟာ
ဒီနေရာမှာ မြန်မာပြည်နဲ့ ဝေးပေမယ့် ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားနဲ့ ဆက်စပ်နေသူက အမေရိကန်ပါ။ တရုတ်ကို ကန့်သတ်ပြီး အိန္ဒိယကို ကျောသပ်ထားချင်တဲ့ အမေရိကန်အတွက် မြန်မာပြည်ဟာ အတိုင်း အတာတစ်ခုအထိ အရေးပါဆဲ ဖြစ်တယ်။ တရုတ်ရဲ့ သမုဒ္ဒရာနှစ်စင်း ပေါ်လစီ၊ အနောက်ကို ခြေဆန့်မယ့် ခေတ်သစ်ပိုးလမ်းမ စီမံကိန်း (OBOR) အတွက် အရေးပါတဲ့ လားရှိုးအပါအဝင် ရှမ်းမြောက်လို ဒေသ တွေဟာ အမေရိကန်အတွက် ဗျူဟာကျတဲ့ ပထဝီဒေသ ဖြစ်ပါတယ်။
ဒါကြောင့် တရုတ် OBOR ဖြတ်လမ်းမှာ ပါတဲ့ နိုင်ငံတွေကို စစ်ရေးအရ ဖိအားပေးတာ၊ ဘဏ္ဍာရေးစစ်မျက်နှာမှာ အခွန်လက်နက်နဲ့ ကန့်သတ် တိုက်ခိုက်တာတွေဟာလည်း အမေရိကန်ရဲ့ ဗျူဟာမြောက်ထိုးနှက်မှုတွေ ဖြစ်ပါတယ်။
ခေါင်းဆောင်မှုရဲ့ အရှိတရားနဲ့ ကင်းကွာမှု
ဒီနေရာမှာ အရေးကြီးတာက မြန်မာပြည်သူတွေရဲ့ စိတ်ဆန္ဒပါ။ မြန်မာပြည်သူတိုင်းဟာ စစ်အာဏာရှင် စနစ်ရဲ့ ဆိုးကျိုးကို မျိုးဆက်အလိုက် ခံထားရပြီးဖြစ်လို့ အကြွင်းအကျန်တောင် လက်မခံနိုင်တော့တဲ့ အဆင့်အထိ ရောက်နေပါပြီ။ ဒါကြောင့်လည်း မြန်မာနွေဦးတော်လှန်ရေးဟာ အရင့်အရင် ဖြစ်ခဲ့တဲ့ လှုပ်ရှားမှုတွေလို မဟုတ်ဘဲ ငါးနှစ်တာနီးပါးအထိ ရောက်လာတာ ဖြစ်တယ်။ အခုလည်း ဆက်ချမယ်၊ နောက်လည်း ဆက်ချမယ်ဆိုတာဟာ လူထုရဲ့ ပြတ်သားတဲ့ သံဓိဋ္ဌာန် ဖြစ်နေပါတယ်။
မြန်မာ့နွေဦး တော်လှန်ရေးမှာ လူထုက ပြတ်သားသလောက် ခေါင်းဆောင်မှု နေရာယူထားသူတွေကတော့ နိုင်ငံရေးနဲ့ သံတမန်ရေးအရ သီးခြားစဉ်းစားချက်တွေ ရှိကောင်း ရှိပါလိမ့်မယ်။ သို့သော် စဉ်းစားချက် အများစုဟာ အရှိတရားနဲ့ ကင်းကွာနေတယ်လို့ မြင်ရသလို ခိုင်မာရှင်းလင်းပြတ်သားတဲ့ သတင်း စကားပေးမှုနဲ့ မူဝါဒချပြနိုင်မှုက ဟုတ်မနေတာပါ။ ပြည်ထောင်စုအဆင့်ဝန်ကြီးလောက်က ခြံပေါက် အစောင့်ကိုတောင် တွေ့ခွင့်မရတဲ့ အခြေအနေဟာ ထိရောက်မှု မရှိတဲ့ သံတမန်ရေး ကြိုးပမ်း မှုပါပဲ။
မင်းအောင်လှိုင် စစ်အုပ်စုရဲ့ စစ်ရေးအရ ပြိုဆင်းမှုကို ကြည့်ရင် ၁၀၂၇ စစ်ဆင်ရေးကို ကြည့်ပါ။ တရုတ်ကြီး မီးစိမ်းပြလို့ဆိုတာ အားလုံး သိပြီးသားဖြစ်သလို ဒီတရုတ်ကြီး မီးနီပြလို့ပဲ မြို့ကြီးတွေ ပြန်ပေးခဲ့ရ ပြန်တယ်။ ဘေးကပ်လျက်က အင်အားကြီးသူ တွေကြောင့် ရခိုင်မြေကို စစ်တပ်က ခြေချခွင့်မရသလို ချင်းတောင်လေတောင် ရှုခွင့်မရတာကြည့်ရင် သူတို့ရဲ့ ဒေသတွင်း အရေးပါမှုကိုလည်း လျစ်လျူရှုထားလို့ မရပါဘူး။ ထိုင်းနိုင်ငံကသာ လက်မခံရင် တော်လှန်ရေးရုန်းကန်နိုင်မှု အချိတ် အဆက် အားနည်းသွားနိုင်ခြေ ရှိတာကို ကြည့်ရင် သူ့ကိုလည်း မေ့ထားလို့ မရပါဘူး။
ပြည်တွင်းရေး ဗဟိုပြု မူဝါဒနဲ့ တန်ပြန်ထိုးစစ်
ဒါကြောင့် ဒီမိုကရေစီစံနှုန်း ပျက်နေပြီး ကမ္ဘာပေါ် စစ်ဖြစ်ချင်နေတဲ့ အမေရိကန်ရဲ့ Worlwide (တစ်ကမ္ဘာလုံး) အခြေပြု ကစားကွက်တွေကို နားလည်ဖို့ လိုပါတယ်။ အဲ့သည်လိုပဲ အိမ်နီးချင်းတွေနဲ့ ပတ်သက်ရင်လည်း မြန်မာ့နွေဦးတော်လှန်ရေးဟာ မြန်မာ့မြေပေါ်က သူတို့ရဲ့ အကျိုးစီးပွားအပြင် ဒေသတွင်းလုံခြုံမှုကို ခြိမ်းခြောက်တာ မဟုတ်ကြောင်းနဲ့ မင်းအောင်လှိုင် စစ်အုပ်စု ပြုတ်ကျရေးဟာ ပြည်တွင်း ကိစ္စဖြစ်တယ်ဆိုတာကို တိကျ ခိုင်မာတဲ့ မူဝါဒတွေ ချပြဖို့ လိုပါတယ်။
ဒီကနေ့ ကမ္ဘာဟာ ဦးနု ခေတ်တုန်းကအတိုင်း ဘာဖြစ်ဖြစ် ခြံစည်းရိုးခွထိုင်မယ်ဆိုတဲ့ နိုင်ငံခြားရေးမူဝါဒကို ကိုင်စွဲထားရမယ့် ကာလ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံ အကျိုးစီးပွားကိုသာ ဗဟိုပြုပြီး ကမ္ဘာနဲ့ချီ ကစားရမယ့် ကာလပါ။ အားလုံး အကျိုးစီးပွားအခြေပြု အလုပ်လုပ်နေကြ၊ လည်ပတ်နေကြတဲ့ ကမ္ဘာကြီးမှာ ဧကစာရီကျင့်တဲ့ မူဝါဒတွေပဲ ကိုင်စွဲနေဦးမယ်ဆိုရင် စစ်အာဏာရှင်စနစ်ဟာ အမြစ်နက်သထက် နက်နက်တိုးပြီး နိုင်ငံနဲ့ လူထုကို ဒုက္ခပေးပါလိမ့်ဦးမယ်။
အာဏာခွက်ပျောက်မှာ ကြောက်နေတဲ့ မင်းအောင်လှိုင်ဟာ နိုင်ငံတကာ သံတမန်ရေး မျက်နှာပြင်မှာ မြေပြင်အရှုံးကနေ ရွေးကောက်ပွဲနဲ့ ထိုးစစ်ဆင်နေပါပြီ။ ဒါကြောင့် တော်လှန်ရေးခေါင်းဆောင် ဆိုသူတွေဟာ တရုတ်နဲ့ အိန္ဒိယ၊ ထိုင်းနဲ့ မင်းအောင်လှိုင်ရဲ့ အကျိုးစီးပွား ကစားကွက်တွေကို ရှင်းရှင်းလင်းလင်း မြင်ပြီး လက်ရှိ အရှိတရားနဲ့ ကိုက်ညီတဲ့ ပြည်တွင်းရေး ဗဟိုပြု မူဝါဒတွေ နဲ့ တန်ပြန်ထိုးစစ်ဆင်ရပါမယ်။ ဒီလိုမှ မဟုတ်ရင်ဖြင့်…။