ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၆ ရက်
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ယနေ့ အောက်တိုဘာ ၂၆ ရက်တွင် (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး စတင်ကျင်းပနေပြီး အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် အပါအဝင် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ တက်ရောက်နေကြောင်း သိရသည်။
အဆိုပါ ထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၂၆ မှ ၂၉ ရက်အထိ လေးရက်ကြာ ကျင်းပ သွားမည်ဖြစ်သည်။
အစည်းအဝေး အစီအစဉ်များအရ ယခုအကြိမ်တွင် ဒေသတွင်း လုံခြုံရေးနှင့် နိုင်ငံရေး စိန်ခေါ်မှုများ (မြန်မာ့အရေး အပါအဝင်)၊ တောင်တရုတ်ပင်လယ်အရေး၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ (ဥပမာ- ကျားဖြန့်လိမ်လည်မှုများ) အပြင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေး ကိစ္စများအား အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။

စီးပွားရေး ဆွေးနွေးမှုများတွင် ဒစ်ဂျစ်တယ်စနစ် (Digitalisation)၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် (Renewable Energy) နှင့် Green Growth ကဲ့သို့သော ခေတ်မီ ဦးစားပေးကဏ္ဍသစ်များကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်သည်။
ထို့ပြင် တီမောလက်စ်တေ နိုင်ငံကို အာဆီယံအဖွဲ့၏ ၁၁ ယောက်မြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် ယင်းအစည်းအဝေးတွင် တရားဝင် လက်ခံအတည်ပြုမည်ဖြစ်ရာ အာဆီယံအတွက် သမိုင်းဝင် မှတ်တိုင်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် သည် ၎င်း၏ခရီးစဉ်အတွင်း ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံတို့၏ နှစ်ရှည် နယ်ခြားပြဿနာ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးပွဲကိုလည်း သက်သေအဖြစ် တက်ရောက်မည်ဖြစ်သည်။
(၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်မှာမူ တက်ရောက်ခွင့် မရရှိဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ကြီးအဆင့် မဟုတ်သည့် ကိုယ်စားလှယ်သာ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ယင်းအစည်းအဝေး၌ မြန်မာနိုင်ငံ၏ ဘုံသဘောတူညီချက် ငါးရပ် (5PC) အကောင်အထည်ဖော်မှုကို ခေါင်းဆောင်များက ပြန်လည်သုံးသပ်ကြမည်ဟုလည်း သိရသည်။
ဓာတ်ပုံ – နိုင်ငံတကာသတင်းဌာနများ