ဧရာဝတီတိုင်းမ်
(ရေတာရှည်)၊ အောက်တိုဘာ ၂၄ ရက်
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်ကော်မရှင်တပ်စခန်းတစ်ခု စခန်းသိမ်းတိုက်ခိုက်ခံခဲ့ရပြီးနောက် အောက်တိုဘာ ၂၂ နှင့် ၂၃ ရက် နေများတွင် စစ်ကော်မရှင်က ၂ ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း အမှတ်(၈၀၈) နေပြည်တော်PDF ထံမှ သိရသည်။
စစ်ကော်မရှင်သည် တော်လှန်ရေးတပ်ဖွဲ့များနယ်မြေ စိုးမိုးထားနိုင်သည့် ဒေသများရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများနှင့် ဒေသခံနေအိမ်များကို ဂျိုင်ရိုကော်ပတာ (Gyrocopter) များအသုံးပြုကာ ဗုံးသီးများကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။

ထိုသို့တိုက်ခိုက်မှုများကြောင့် ရေတာရှည်လေးကျေးရွာနှင့် ဆယ်ဝတော ကျေးရွာတို့ရှိ စာသင်ကျောင်း နှစ် ဆောင် အလုံးစုံပျက်စီးခဲ့ပြီး အခြား နှစ် ဆောင်မှာလည်း ထိခိုက်ခဲ့ရကာ ဘုန်းကြီးကျောင်းဆောင် တစ်ခုနှင့်နေအိမ် နှစ်လုံးလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။
“အခုလက်ရှိတော့ လေယာဉ်နဲ့လည်းဗုံးကြဲနေသလို ပါရာမော်တာလိုစက်တပ်ယာဉ်တွေနဲ့လည်း ရွာတွေကို ဗုံးလိုက်ကြဲနေတယ်။ အမှန်တော့အားလုံးကို လိုက်ရမ်းတဲ့သဘောပါ။ ပြည်သူထိခိုက် တာတွေရှိတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကော်မရှင်ဘက်က အင်အားဖြည့်တင်းမှုများ ပြုလုပ်နေပြီး ဒေသခံများအနေဖြင့်လည်း ယခုအခြေအနေမတည်မငြိမ်မချင်း လူစုလူဝေးများ မပြုလုပ်ကြရန် နှင့် ကြိုတင်အသိပေးထားသည့် စစ်မြေပြင်အတွင်း နေထိုင်နည်းများကို လိုက်နာကြရန်လည်း တော်လှန်ရေးတပ်ဖွဲ့က သတိပေးထားသည်။
ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာရှိ စစ်ကော်မရှင် အထိုင်စခန်းတစ်ခုကို နေပြည်တော်PDFနှင့် ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့က စခန်းသိမ်းပိုက်ရရှိခဲ့ပြီး စစ်ကော်မရှင် တပ်ရင်မှူးအပါ ၁၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းပိုက်ရရှိခဲ့သည်။
ဓာတ်ပုံ – Battalion 808 – Nay Pyi Taw PDF