(ကန်ပက်လက်)၊ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ ရက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို စစ်ကော်မရှင်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် လေးဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း CDF(ကန်ပက်လက်) တာဝန်ရှိသူ နှင့် ဒေသခံများထံမှ သိရသည်။

ကန်ပက်လက်မြို့၊ မြို့မရပ်ကွက်ကို စစ်ကော်မရှင်မှ ယနေ့အောက်တိုဘာလ ၂၄ ရက်နေ့၊ မနက် ကိုးနာရီဝန်းကျင်တွင် ဂျက်ဖိုက်တာတစ်စီးဖြင့် နှစ်ကြိမ်လာရောက်၍ ဗုံးကြဲသွားခြင်းဖြစ်သည်။

“ဒီမနက် လေယာဥ်နှစ်ကြိမ် လာသွားပါတယ်။ ပထမတစ်ကြိမ်က ဗုံးသီးတစ်လုံး ကြဲသွားပါတယ်။ ဒုတိယအကြိမ်မှာ ဗုံးသီးနှစ်လုံး ထပ်ကြဲသွားပါတယ်”ဟု CDF (ကန်ပက်လက်) တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ လေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် အမျိုးသမီးတစ်ဦးအပါအဝင် လေးဦး သေဆုံးပြီး ကလေးများအပါအဝင် ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ပျောက်ဆုံးသူများလည်းရှိကြောင်း သိရှိရသည်။

“လက်ရှိစာရင်းကြားသိတာ လေးယောက်က ပွဲချင်းပြီး ဆုံးသွားတယ်။ ၁၅ ယောက်လောက်က ဒဏ်ရာရတယ်။ အဲထဲမှာ ငါးယောက်က ပြင်းပြင်းထန်ထန်ရတယ်လို့ ကြားတယ်။ ပျောက်ဆုံးတဲ့သူတွေကလည်း ရှိပါတယ်။ ရှာဖွေမှုပြုလုပ်နေတုန်းပါ”ဟု ကန်ပက်လက်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ ကန်ပက်လက်မြို့နယ်ကို ထိန်းချုပ်ထားသည့် ချင်းညီနောင် (CB) အဖွဲ့ဝင် CDF (ကန်ပက်လက်) အနေဖြင့် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်နေ့ကလည်း ဟားခါးမြို့နယ် ဇာထာလ်ကျေးရွာစာသင်ကျောင်းကို စစ်ကော်မရှင်မှ ပေါင် ၅၀၀ ဗုံးသီးများဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။