ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့သို့ ရောက်ရှိလာသည့် တပ်မ (၃၃) တပ်မမှူးက ဖားကန့်ကျောက်ဝိုင်းအတွင်း သေနတ်ပစ်ဖောက်မှုများ ပြုလုပ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်နေကြောင်း သိရသည်။
တပ်မ (၃၃) တပ်မမှူးအသစ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းတွင် ဖားကန့်မြို့သို့ Mi 17 ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာကြောင်း သိရသည်။
“တပ်မ ၃၃ နဲ့ တပ်အချို့ အပြောင်းအလဲလုပ်လိုက်တယ်။ တိုက်ခိုက်ရေးတပ်မကြီးကို ပြောင်းတယ်လို့ သတင်းထွက်လာပေမယ့် နောက်တန်းကို တပ်ရင်းနှစ်ရင်းလောက်သာ ပြန်ရောက်တယ်လို့ကြားရတယ်။ ဆိုင်းတောင်နဲ့ လုံးခင်းဘက်မှာလည်း စစ်ဆိုင်နေတာရှိတော့ တပ်မ ၃၃ ကို အင်အား ထပ်ဖြည့်တယ်လည်း ကြားပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါတပ်မမှူးသည် ဖားကန့်သို့ ရောက်ရှိလာပြီး ညပိုင်းတွင် ဖားကန့်မြို့ရှိ မှော်စီစာကျောက်ဝိုင်းနှင့် လုံးခင်းကျောက်ဝိုင်း အတွင်းကို သေနတ်ပစ်ဖောက်၍ ရုန်းရင်းဆန်ခတ်ဖြစ်စေရန် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ တပ်မမှူးမရောက်ခင် အောက်တိုဘာ ၂၁ ရက်နေ့ကလည်း ဖားကန့်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း-၆ နယ်မြေကို ဗုံးအလုံးရေ ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး ၂၂ ရက်နေ့ နံနက်ပိုင်းတွင်လည်း ဗုံးအလုံးရေ ၃၀ ကျော် ကို ထပ်မံ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်သည် ဖားကန့်မှ တပ်မ (၃၃) လက်အောက်ခံတပ်တချို့ကို မန္တလေးနှင့်စစ်ကိုင်းဘက်သို့ ပြန်လည် ခေါ်ယူလိုက်ပြီး ခလရ ၄၂၊ ခမရ ၁၂၊ ခမရ ၁၁၊ ခမရ ၁၃ တို့ကို ရိက္ခာ လက်နက်ခဲယမ်း များနှင့်အတူ ဖားကန့်သို့ အင်အားဖြည့်တင်းခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)