ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ ရက်

စစ်ကော်မရှင်တပ်သည် သီပေါမြို့ကို သိမ်းပိုက်ပြီးနောက် နမ္မတူမြို့နယ်အစပ်ထိ မြေပြင်စစ်ကြောင်း ထိုးလာကာ လေကြောင်းမှပါ ပစ်ကူပေးနေကြောင်း သိရသည်။

စစ်ကော်မရှင်၏ စစ်ကြောင်းများသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက် ညနေပိုင်းတွင် သီပေါနှင့် နမ္မတူမြို့ နယ်အစပ်ရှိ မိုးတေကျေးရွာအနီး မိုးတေတံတားအထိ ရောက်ရှိလာကြောင်း သိရသည်။

“၂၁ ရက်နေ့ ညနေပိုင်းမှာ စစ်တပ်စစ်ကြောင်း မိုးတေတံတားထိရောက်လာလို့ TNLA နဲ့တိုက်ပွဲပြင်းပြင်း ထန်ထန်ဖြစ်တယ်”ဟု ဒေသခံ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်၏ စစ်ကြောင်းအချို့သည် နမ္မတူမြို့ နယ်အစပ်အပြင် မန်တုံမြို့နယ်ဘက်သို့ပါ ဦးတည်၍ စစ်ကြောင်းထိုးရန်ပြင်ဆင်နေခြင်းဖြစ်သည်။ သီပေါမြို့ကို ဦးတည်တိုက်ခိုက်စဉ်ကတည်းက နမ္မတူနှင့် မန်တုံမြို့ တို့ကိုပါ စစ်ကြောင်းထိုးရန်စီစဉ်ထားခြင်းဖြစ်ပြီး အဆိုပါမြို့နယ်များကို လေကြောင်းမှနေ၍ ဗုံးကြဲ တိုက်ခိုက်မှုများပြုလုပ်ထားသည်။

စစ်ကော်မရှင်သည် ယမန်နေ့ အောက်တိုဘာ ၂၃ ရက် ည ၈ နာရီ ၄၉ မိနစ်အချိန်ကလည်း နမ္မတူချောင်း တောင်ဘက်ကမ်းရှိ သတလ ဝန်ထမ်းရပ်ကွက် အလုပ်ခွင်သင်တန်းကျောင်းဘက်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

စစ်ကော်မရှင်သည် ရှမ်းမြောက်ရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားရာ မြို့နယ်များကို မြေပြင်စစ်ကြောင်းမထိုးခင်ကတည်းက လေကြောင်းမှပစ်ကူပြီး နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်လျက်ရှိသည်။

လက်ရှိတွင် နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့နယ်များကို သိမ်းယူခဲ့သည့် စစ်ကော်မရှင်က နမ္မတူနှင့် မန်တုံမြို့နယ်တို့ကိုပါ သိမ်းယူရန် ဝေဟင်၊ မြေပြင်စစ်ကူများဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာ နေခြင်းဖြစ်သည်။

ပုံစာ-နမ္မတူမြို့အနီးရှိ ခမရ ၃၂၄ ဗျူဟာကုန်းကို TNLA သိမ်းယူခဲ့စဉ်က ၂၀၂၃ ဒီဇင်ဘာ (ပုံဟောင်း)