ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ရက်
စစ်ကော်မရှင်၏ လက်နက်၊ ခဲယမ်းနှင့် ရိက္ခာအပြည့်တင်လာသည့် စစ်သင်္ဘောအုပ်စု ဧရာဝတီမြစ်ကြောင်း အတိုင်းတက်လာနေကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၂ရက် နံနက်အစောပိုင်းက မန္တလေး ဂေါဝိန်ဆိပ်မှနေ၍ စစ်ကော်မရှင်၏ စစ်ရေယာဥ်အုပ်စု ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာရာ မတ္တရာမြို့အနောက်ခြမ်းဘက်သို့ ရောက်ရှိ လာကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
“စစ်ရေယာဥ်အုပ်စုက ဗန်းမော်အထိတက်နိုင်ဖို့တော့မရှိပါဘူး။ သပိတ်ကျင်းဘက် အဓိကတက်မယ် ခန့်မှန်းပါတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
သပိတ်ကျင်းမြို့နယ်၊ မန္တလေး- မိုးကုတ်ကားလမ်းပေါ်ရှိ ဖော့တောလမ်းဆုံကို စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်ပြီးနောက် မိုးကုတ်ကို ဆက်တက်ရန်ပြင်ဆင်နေ၍ အဆိုပါ စစ်သင်္ဘောများမှာ သပိတ်ကျင်းအထိတက်ပြီး လက်နက်၊ ခဲယမ်းများပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင်သည် ဖော့တောလမ်းဆုံကို လေကြောင်း ပစ်ကူအင်အားဖြင့် ပြန်လည်ထိန်းချုပ်ပြီးနောက် ဖော့တောအောက်ဘက်ရှိ ဇရပ်ကွင်းကို ပြီးခဲ့သည့် ရက်ပိုင်း အောက်တိုဘာ ၂၁ရက်က ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
မတ္တရာနှင့် သပိတ်ကျင်းမြို့နယ်များကို အပြည့်အဝပြန်လည်ထိန်းချုပ်ရန်ကြိုးပမ်းနေသည့် စစ်ကော်မရှင်က လူအင်အားနှင့် လက်နက်ရိက္ခာတို့ကို ရေကြောင်းမှ ထောက်ပို့ရန် ပြင်ဆင် လာခြင်ဖြစ်သည်။
စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ပျူစောထီးစခန်းများနှင့် စစ်ကော်မရှင်တပ်စခန်းများသို့ စစ်ရေယာဉ်များဖြင့် လက်နက်၊ ခဲယမ်းများ ပို့ဆောင်ခဲ့ဖူးသည်။
ထိုသို့ပို့ဆောင်နေစဉ် ရဟတ် ယာဉ်နှင့် စက်တပ်လေထီးများက မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများကို ဗုံးကြဲခြင်း၊ စစ်သင်္ဘောများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။
စစ်ကော်မရှင်၏ အဆိုပါ စစ်သင်္ဘောများသည် သြဂုတ် ၁ ရက်နေ့တွင် ဗန်းမော်မြို့တွင် ဆိုက်ကပ်ကာ မြို့တွင်းကို လူအင်အား လက်နက်ခဲယမ်းများ ထောက်ပို့ပြီးနောက် စစ်ရေးအခြေအနေ အသာစီးပြန်လည်ရရှိခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။
ဓာတ်ပုံ- ပြပီးခဲ့သည့် ဇူလိုင်လအတွင်းက ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆင်းလာသည့် စစ်သင်္ဘောများကို တော်လှန်ရေးပူးပေါင်းအဖွဲ့များ တိုက်ခိုက်နေစဥ်။