
(ချင်းပြည်)၊ ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်
ချင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မတူပီမြို့နှင့် တွန်းဇံမြို့ကို စစ်ကော်မရှင်မှ ယနေ့ အောက်တိုဘာ ၁၄ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကော်မရှင်သည် မတူပီမြို့ကို ယနေ့ အောက်တိုဘာ ၁၄ ရက်နေ့ မနက် ၇ နာရီ ၃၀ မိနစ်ဝန်းကျင်wGif ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးသီးနှစ်လုံး လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ဆေးရုံအနီးတွင် ဗုံးသီးကျရောက်ပေါက်ကွဲခဲ့သည်။
“ဒီနေ့မနက်လည်း မတူပီမြို့ထဲကို စစ်တပ်က ဗုံးကြဲသွားပြန်တယ်။ ပြည်သူ့ဆေးရုံအနားမှာ ဗုံးသီးကျတယ်။ စုစုပေါင်း ဗုံးသီး နှစ်လုံးပါ။ ဒီမနက်ဟာက ထိခိုက်မှုတော့ မရှိဘူး ” ဟု မတူပီဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ တွန်းဇံမြို့ကိုလည်း ယနေ့ အောက်တိုဘာ ၁၄ ရက်၊ နေ့လယ် နှစ် နာရီဝန်းကျင်တွင် စစ်ကော်မရှင်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်သွားကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ထံမှ သိရသည်။
“နှစ်လုံးကြဲတယ်။ တစ်လုံးက မီးသတ်ကုန်းနဲ့ရဲစခန်းကြားမှာ ကြဲတယ်။ နောက်တစ်လုံးက Tonzaang-Nakzaang လမ်းခွဲမှာ ကြဲတယ်။ ထိခိုက်သေဆုံးတစ်ခုမှမရှိဘူး။ လူနေအိမ်နှစ်လုံးပျက်စီးသွားတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် ယမန်နေ့ အောက်တိုဘာ ၁၃ ရက်နေ့ကလည်း ဟားခါးမြို့နယ်၊ ဗန်ဟာကျေးရွာ မူလတန်း စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်သဖြင့် ကျောင်းသားနှစ်ဦး သေဆုံးပြီး အများပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် အောက်တိုဘာ ၁၀ ရက်နေ့လည်း မတူပီမြို့ မီးသတ်ကုန်းနားကို စစ်ကော်မရှင်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် လူအများပြား ထိခိုက်သေဆုံးကာ ယေရှူအသင်းတော် ဘုရားကျောင်းလည်း ပျက်စီးသွားသည်။
ပုံစာ- အောက်တိုဘာလ ၁၀ ရက်နေ့ မတူပီမြို့ကို စစ်ကော်မရှင်မှ လေကြောင်းတိုက်ခိုက်၍ ပျက်စီးသွားသည့် ဘုရားကျောင်းကို တွေ့ရစဥ်(ပေးပို့)