
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်
အာဏာသိမ်း စစ်ကော်မရှင်က မြန်မာ့အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC) အနေဖြင့် “ယုတ္တိမရှိဘဲ စွပ်စွဲနေသည်” ဟု ကန့်ကွက်ပယ်ချခဲ့ပြီ ရွေးကောက်ပွဲအပါအဝင် ပြည်တွင်းငြိမ်းချမ်းရေးကို ၎င်းတို့၏ ဦးဆောင်မှုဖြင့်သာ ဆက်လက် ဆောင်ရွက်သွားမည်ဟု ကြေညာခဲ့သည်။
စစ်ကော်မရှင်သည် ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည့် လူ့အခွင့်အရေးကောင်စီ၏ (၆၀) ကြိမ်မြောက် အစည်း အဝေးကာလအတွင်း မြန်မာ့အရေးနှင့် ပတ်သက်၍ အစီရင်ခံစာနှင့် ဆွေးနွေးမှုများအပေါ် ယမန်နေ့ အောက်တိုဘာ ၁၃ ရက် က တုံ့ပြန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စစ်ကော်မရှင်က အာဏာသိမ်းပြီးနောက် ပြုလုပ်သွားမည့် ၎င်းတို့၏ ရွေးကောက်ပွဲ ရလဒ်အရ အနိုင်ရရှိလာမည့် နိုင်ငံရေးပါတီကို အာဏာလွှဲသွားမည်ဖြစ်ပြီး မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင် လုပ်ငန်းစဉ်ဖြင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုင်းပြည်သာယာဝပြောရေးတို့ကို ဆက်လက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
သို့သော် စစ်ကော်မရှင် ရည်ညွှန်းသော အဆိုပါ မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ် ဆိုသည်မှာ ကုလသမဂ္ဂနှင့် အာဆီယံတို့ လိုလားကြသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တော်လှန်ရေးအဖွဲ့ (ERO) များ အပါအဝင် အင်အားစုအားလုံး ပါဝင်မှုမျိုးမဟုတ်ဘဲ ၎င်းတို့၏ ဦးဆောင်မှုသာ ဖြစ်ကြောင်း မြန်မာ့အရေး အကဲခတ်တို့က ထောက်ပြ သုံးသပ်ထားသည်။
အဆိုပါ UNHRC အစည်းအဝေးအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အဖွဲ့၏ အစီရင်ခံစာတို့အပေါ် ပေါင်းစပ်၍ ဆွေးနွေးခဲ့ကြပြီး ယခုအကြိမ်တွင်လည်း စစ်ကော်မရှင်အနေဖြင့် တရားဝင် တက်ရောက်ခွင့် မရခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လူ့အခွင့်အရေးကောင်စီ၏ အခြေခံမူများဖြစ်သည့် အပြုသဘောဆောင်သော ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့နှင့် သွေဖည်လျက်ရှိသလို ယင်းဆွေးနွေးမှုနှင့် အစီရင်ခံစာများတွင် အတည်မပြုနိုင်သော အချက်အလက်များကို အသုံးပြု၍ ၎င်းတို့အပေါ် ထပ်တလဲလဲ စွပ်စွဲနေခြင်း ဖြစ်ကြောင်း စစ်ကော်မရှင်က ဆိုသည်။
“ဤကဲ့သို့ စွပ်စွဲချက်များကို အကြိမ်ကြိမ် ပြုလုပ်နေပြီး ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေး မျက်နှာစာတွင် အရေးကြီးဆုံးသော ယန္တရားတစ်ရပ်ဖြစ်သည့် လူ့အခွင့်အရေး ကောင်စီ သည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်ခု၌ ဖြစ်ပေါ်နေမှုများအား လက်တွေ့ကျ၊ ဘက်လိုက်မှုကင်းစွာ မသုံးသပ်ကြောင်း” စစ်ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။
စစ်ကော်မရှင်အနေဖြင့် အဆိုပါ စွပ်စွဲချက်များနှင့် ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်သည့် ဆွေးနွေးချက်များကို ပြတ်သားစွာ ကန့်ကွက်ပယ်ချ ပြီး ၎င်းတို့လုပ်ကိုင်နေသည့် လုပ်ငန်းများကိုလည်း မျက်ခြည်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – UN
ပုံစာ-ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည့် လူ့အခွင့်အရေးကောင်စီ၏ (၆၀) ကြိမ်မြောက် အစည်းအဝေး၊