
ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ အောက်တိုဘာ ၁၄ ရက်
ကရင်နီပြည်နယ်အတွင်းသို့ စစ်ကော်မရှင်တပ်ဖွဲ့များက စစ်မျက်နှာ ငါးခုဖွင့်လှစ်ကာ ထိုးစစ်ဆင်လျက်ရှိ သောကြောင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ယမန်နေ့ အောက်တိုဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။
စစ်ကော်မရှင်စစ်ကြောင်းများသည် လွိုင်ကော်မြို့နယ်အရှေ့ခြမ်း၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနှင့် ကရင်နီ-ရှမ်းတောင်နယ်စပ်ရှိ ဖယ်ခုံမြို့နယ်တို့တွင် စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။
ယမန်နေ့ကလည်း စစ်ကော်မရှင်တပ် နှင့် PNO ပအိုဝ်းပြည်သူ့စစ်များသည် ဖယ်ခုံမြို့နယ်၊ ဘောရန် ရွာအတွင်းသို့ ဝင်ရောက်ကာ နေအိမ် မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အတူ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင်လည်း စစ်ကော်မရှင်ဘက်မှ နယ်မြေစိုးမိုးနိုင်ရေး အတွက် မြေပြင်ထိုးစစ်အပြင် လက်နက်ကြီး၊ ဒရုန်းများဖြင့် နေ့စဉ် ပစ်ခတ် ကာ အပြင်းအထန် ထိုးစစ်ဆင်နေပြီး ဒီးမော့ဆို-ဖရူဆို လမ်းမကြီးတလျှောက်တွင်လည်း ကရင်နီတော်လှန်ရေး တပ်ဖွဲ့များနှင့် နေ့စဉ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။
အလားတူ ဖရူဆိုမြို့နယ် အတွင်းတွင်လည်း စစ်ကော်မရှင်က ဒရုန်းဖြင့်ဗုံးကြဲခြင်း၊ နေအိမ်မီးရှို့ ခြင်းများပြုလုပ်နေပြီး ထိုမှတစ်ဆင့် ဘောလခဲမြို့နယ်သို့ စစ်ကြောင်းထိုးနိုင်ရန်အတွက် ဖရူဆို-ဘောလခဲကြားရှိ မာခရောရှေ့ကျေးရွာအနီး တွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း သိရသည်။
စစ်ကော်မရှင်တပ်နှင့်ပူးပေါင်းPNO စစ်ကြောင်းများသည် လွိုင်ကော်မြို့နယ် အတွင်းတွင် စစ်ကြောင်း ထိုးနေပြီး ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်၊ ၇ ရက်နှင့် ၉ ရက် များတွင် ကရင်နီတော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်သား ၁၀ ဦးကျော် သေဆုံးခဲ့ပြီး လက်နက် ၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း KNDF က ထုတ်ပြန်သည်။
စစ်ကော်မရှင်သည် ထိုသို့ ကရင်နီပြည်နယ်နှင့် ရှမ်း-ကရင်နီနယ်စပ်ဒေသ ရှမ်းတောင်တွင်လည်း အင်အားအလွန်အကျွံသုံး၍ စစ်မျက်နှာများဖွင့်လှစ်ထားသည့်အတွက် ပြည်သူများအနေဖြင့် စစ်ရေး သတိ၊ လုံခြုံရေးအသိ ရှိကြရန် KNDF က သတိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ – KNDF