ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်

 

ယခုရက်ပိုင်းအတွင်းကမ္ဘာ့ရွှေဈေးဆက်တိုက်မြင့်တက်လာပြီးနောက် ပြည်တွင်းရွှေဈေးလည်းလိုက်ပါမြင့်တက်လာကြောင်း ရန်ကုန်မြို့ရှိ ရွှေဘုံသာလမ်းရွှေဈေးကွက်ထံမှ သိရသည်။

 

ယနေ့ ( အောက်တိုဘာ ၁၄ ရက်) ကမ္ဘာ့ရွှေဈေးအဖွင့်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄၁၆၂ ရှိပြီး ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၈၅ သိန်းရှိကြောင်း ရွှေဈေးကွက်ထံမှ စုံစမ်းသိရသည်။

 

ကမ္ဘာ့ရွှေဈေးသည်ယခုတစ်ပတ်ဈေးအဖွင့် အောက်တိုဘာ ၁၃ ရက်နေ့တွင် ရွှေအောင်စလျှင် အမေရိကန်ဒေါ်လာ ၄၀၇၃ ဒေါ်လာရှိပြီး တစ်ရက်အတွင်း ဒေါ်လာတစ်ရာကျော်ဈေးမြင့်တက်လာကာ အတက်ကြမ်းနေကြောင်း ကမ္ဘာ့ရွှေစတော့ရောင်းဝယ်သူတစ်ဦးက ပြောကြားသည်။

ထို့ပြင်ပြည်တွင်းအခေါက်ရွှေဈေးသည် အောက်တိုဘာ ၁၃ ရက်နေ့က အကယ်ဒမီအခေါက်ရွှေ( စနစ်ဟောင်း) တစ်ကျပ်သားလျှင် ၈၃ သိန်း နှစ်သောင်းရှိပြီး တစ်ရက်အတွင်း ကျပ်သုံးသောင်းမြင့်တက်လာကြောင်း ရန်ကုန်မြို့ရှိရွှေဆိုင်တစ်ဆိုင်မှစုံစမ်းသိရသည်။

 

“ဒေါ်လာဈေးကတော့တက်တယ်ပြောမရဘူး။ ကမ္ဘာ့ဈေးကွက်မှာလည်း ငွေကြေးထက် ရွှေကပိုခိုင်မာတော့ ရွှေပဲကြိုက်တာများတယ်။ အခြေအနေအမျိုးမျိုးဖြစ်နိုင်တယ်။ ဈေးကွက်ကပုံမှန်မဟုတ်တော့ပြောရခက်တယ်။ အခုရက်ပိုင်းတော့ ကမ္ဘာ့ရွှေဈေးက အတက်ကြမ်းနေတယ်” ဟု ကမ္ဘာ့ရွှေစတော့ရောင်းဝယ်သူတစ်ဦးက ဆိုသည်။

 

လက်ရှိတွင်စစ်ကော်မရှင်က ပြင်ပသွင်းကုန်များဝင်ရောက်မှုပိတ်ဆို့ထားသဖြင့် ကုန်သွယ်မှုလျော့နည်းနေ၍ နိုင်ငံခြားငွေလဲဈေးနှုန်းက ဈေးအတက်၊အကျသိပ်မရှိကြောင်းသိရသည်။

 

နိုင်ငံခြားငွေလဲဈေးနှုန်းတွင် အမေရိကန် တစ်ဒေါ်လာလျှင် ၄၀၇၀ ကျပ်၊ ထိုင်းတစ်ဘတ်လျှင် ၁၂၆ ကျပ် ၊ တရုတ်ယွမ် ၅၇၆ ကျပ်ဖြစ်ကြောင်း ငွေကြေးဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

 

စစ်ကော်မရှင်ထုတ်ပြန်သည့် ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးတွင် အခေါက်ရွှေတစ်ကျပ်သား( ၁၆ ဒသမ ၃) ဂရမ် သတ်မှတ်ဈေးနှုန်း ကျပ် ၅၉ သိန်း ၉ သောင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်