
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်
ရှမ်းမြောက်ရှိ TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ်၊ အုမ်စွမ်ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် နမ့်ဆန်မြို့နယ်ကို ယနေ့ အောက်တိုဘာ ၁၄ ရက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဗုံးကြဲလေယာဉ်ဖြင့် လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ လေးတန်းကျောင်းသူ အမျိုးသမီးငယ် တစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ကျောင်းသူ ကလေးမလေးက ဗိုက်ကို ဗုံးထိပြီး ဆုံးတယ်။ တစ်ယောက်ကတော့ ခြေထောက်နှစ်ဖက်လုံး ရစရာမရှိဘူး။ တချို့တွေကတော့ ရှောင်ကုန်ကြပြီ။ အခက်အခဲဖြစ်သူတွေကျန်နေတာပေါ့။ ပြည်သူတွေကို ပစ်မှတ်ထားပြီးကိုကြဲနေတာပါဗျာ”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဗုံးကြဲချမှုကြောင့် လေးတန်းကျောင်းသူ မိသင်းနွယ်ဆိုသူမှာ ဝမ်းဗိုက်ဗုံးစထိမှန်ပြီးသေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးမှာလည်း ခြေထောက်တွင် ပြင်းထန်ဒဏ်ရာရရှိကာ နေအိမ်များလည်း ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၁၃ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်က နမ့်ဆန်မြို့၊ ကယားကြီးကျေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတို့ကို ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်သည် ကျောက်မဲ၊ သီပေါ၊ မိုးကုတ်မြို့တို့ကို နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးဝင်ရောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။