
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၃ ရက်
ထိုင်းနိုင်ငံ၏ စီးပွားရေးအခြေအနေများကြောင့် အလုပ်သမားလျော့ချမှုများ ဖြစ်ပေါ်နေသော်လည်း ထိုင်း-မြန်မာနယ်စပ်တွင်မူ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အများအပြား နေ့စဉ်ရှိနေပြီး ဖမ်းဆီးခံရမှုများလည်း နေ့စဉ်နီးပါး ဖြစ်ပွားနေကြောင်း သိရသည်။
အဆိုပါ တရားမဝင် ဝင်ရောက်မှုများသည် ကန်ချနာဘူရီခရိုင် တွင် အများဆုံးဖြစ်ပွားနေပြီး ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်နေ့က တစ်ရက်တည်းတွင်ပင် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၀၇ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် စစ်အုပ်စု၏ အာဏာသိမ်းမှုကြောင့် စီးပွားရေး ကျပ်တည်းလာမှု၊ ဆင်းရဲမွဲတေမှုများ များပြားလာခြင်းအပြင် စစ်မှုထမ်းဥပဒေ ကြောင့် လူငယ်များသည် နိုင်ငံအတွင်းမှ ရသည့်နည်းဖြင့် ထွက်ခွာလာကြခြင်းဖြစ်သည်။
“တောက်လျှောက်ဖမ်းဆီးခံနေရတယ်ဆိုတာထိုင်းဘက်ကနေတအားကြီး တင်းတင်းကျပ်ကျပ်နဲ့ သပ်သပ်ကြီးကို လိုက်ဖမ်းနေတဲ့ပုံစံမျိုးမဟုတ်ဘူး။ အခုက နေ့စဉ်နီးပါးဖမ်းဆီးခံ ထိနေတဲ့သူတွေ ဘာလို့ဒီလောက်များနေလဲဆိုတော့ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုတွေ၊ ဆင်းရဲမွဲတေမှုတွေနဲ့အတူ ကိုယ့်နိုင်ငံသားတွေက အခုနောက်တစ်ကြိမ် ပန်းရောင်ကတ် နောက်တကြိမ်ဖွင့်မယ် အသံကြားတော့ တိုးဝှေ့စုပြုံတက်လာကြတာ နေ့စဉ်ပေါ့။ ဒါကြောင့် နေ့စဉ်ဖမ်းဆီးမှုတွေဆက်တိုက်ဖြစ်နေတာ။ သပ်သပ်စောင့်ဖမ်းရင်တာမျိုးဆိုရင် ဒီထက်ပိုဆိုးမယ်” ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးလုပ်ကိုင်နေသူ အေအေစီကိုရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုင်းအလုပ်သမားရေး ဝန်ကြီးဌာနက လာမည့် အောက်တိုဘာ ၁၅ ရက်နေ့မှစတင်ကာ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပန်းရောင်ကတ်ခေါ် တရားဝင် အလုပ်သမားကတ်များ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံသား အများအပြားသည် ကြားခံပွဲစားများနှင့် ချိတ်ဆက်ကာ ထိုင်းနိုင်ငံတွင်းသို့ အလုံးအရင်းဖြင့် တရားမဝင် ဝင်ရောက်လာကြခြင်း ဖြစ်သည်။
လက်ရှိတွင် ထိုင်းနိုင်ငံတွင်း၌လည်း စီးပွားရေး ကျပ်တည်းမှုအခြေအနေများကြောင့် အလုပ်လက်မဲ့ မြန်မာလုပ်သားဦးရေမှာ သိန်းချီရှိနေ ပြီး အစုလိုက်အပြုံလိုက် အလုပ်ဖြုတ်ခံရမှုများလည်း ဖြစ်ပွားနေသည်။ MHAC မဟာမိတ်အဖွဲ့မှ ဖြေရှင်းပေးရသည့် စက်ရုံ၊ အလုပ်ရုံပေါင်းမှာ တစ်လတာအတွင်း ၃၀ နီးပါး ရှိနေပြီဖြစ်ကြောင်း သိရသည်။
“အလုပ်သမားတွေ၊ လူသစ်တွေ မသိတာက ထိုင်းမှာ အလုပ်ကိုင်အခွင့်အလမ်းတွေရှားပြီး အလုပ်လက်မဲ့တွေ သိန်းနဲ့ချီရှိတာကို မသိတာ။ အခုက ပန်းရောင်ကတ်ကလည်း လုပ်ကြမှာပဲ။ တချို့ဆို ပွဲစားမှာ ပိုက်ဆံတွေပေးပြီးပြီး။ ကိုယ်ပေးတဲ့ ပွဲစားက ဘယ်လောက် ယုံကြည်စိတ်ချရလဲ။ ဒီလူက ဘယ်ကလဲ။ ပိုက်ဆံပေးတဲ့အချိန် သက်သေတွေ ယူထားရမယ်။ အနည်းဆုံးတော့ ပွဲစားရဲ့မျက်နှာကို ဓာတ်ပုံရိုက်နိုင်ရမယ်။ အလိမ်မခံရခင် အမြဲတမ်း သတိထားဖို့ ပညာပေးနေတဲ့လူတွေရဲ့ ဗွီဒီယိုတွေကိုကြည့်ပါ” ဟု အေအေစီကိုရဲမင်းက သတိပေးပြောဆိုသည်။
ထိုင်းအစိုးရကလည်း နယ်စပ်လုံခြုံရေးအခြေအနေများကြောင့် ညအချိန်များတွင်ပါ အပူလှိုင်း အာရုံခံနိုင်သည့် ဒရုန်းများ အသုံးပြု ကာ စောင့်ကြည့်လျက်ရှိသည်။
လက်ရှိတွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁,၀၀၀ ဝန်းကျင်ခန့်ကို လစဉ် ဖမ်းဆီးရမိနေကြောင်း ထိုင်းသတင်းမီဒီယာများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ကန်ချနဘူရီခရိုင်တွင် ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၉၀ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးကာ တရားမဝင် ဝင်ရောက်မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်