
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၃ ရက်
မြန်မာစစ်အုပ်စုထံ လေကြောင်းကာကွယ်ရေးစနစ်များ ရောင်းချပေးနေသည့် ဘယ်လာရုစ်နိုင်ငံမှ တေးဂီတဖျော်ဖြေရေးအဖွဲ့တစ်ဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိကာ တစ်ပတ်ကြာ လှည့်လည် ဖျော်ဖြေမှုများ ပြုလုပ်နေကြောင်း သိရသည်။
တေးဂီတပညာရှင်နှင့် တေးရေး/တေးဆို မစ္စတာ ဗလာဒီမာ ဆူကိုလင်စကီး (Mr. Vladimir Sukolinsky) ဦးဆောင်သော အဆိုပါဖျော်ဖြေရေးအဖွဲ့သည် အောက်တိုဘာ ၅ ရက်နေ့ကတည်းက မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
အဆိုပါအဖွဲ့သည် မန္တလေးမြို့ ကို လည်ပတ်ပြီးနောက် ပြင်ဦးလွင်မြို့ရှိ စစ်နည်းပညာတက္ကသိုလ်တွင် တေးဂီတဖျော်ဖြေပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဘယ်လာရုစ် ဖျော်ဖြေရေးအဖွဲ့သည် ယမန်နေ့ အောက်တိုဘာ ၁၂ ရက်နေ့က ရန်ကုန်မြို့ရှိ မြို့တွင်းရှိ အထင်ကရနေရာများ ကို သွားရောက်လည်ပတ်ခဲ့သည်။
စစ်ကော်မရှင် ဝါဒဖြန့်သတင်းစာများ၏ ဖော်ပြချက်အရ ၎င်းတို့သည် အမျိုးသားပြတိုက်၊ ဗိုလ်ချုပ် အောင်ဆန်းဈေး၊ ဗိုလ်တထောင်ဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ပဲခူးမြစ်ကူးတံတားနှင့် ပြည်သူ့ ရင်ပြင်တို့သို့ သွားရောက်ခဲ့ပြီး ပြည်သူများနှင့်အတူ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ထို့အပြင် ၎င်းတို့အဖွဲ့သည် နေပြည်တော် တွင်လည်း မြန်မာ၊ ရုရှားနှင့် ဘယ်လာရုစ် သုံးနိုင်ငံပူးပေါင်း၍ တေးဂီတဖျော်ဖြေတင်ဆက်မှု ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
စစ်ကော်မရှင်နှင့်စပ်ဆက်သည့် ဘယ်လာရုစ်နိုင်ငံပိုင်ကုမ္ပဏီ (Belspetsvneshtechnika−BSVT) သည် မြန်မာစစ်တပ်အတွက် သီးသန့်ဒီဇိုင်းရေးဆွဲထားသော လေကြောင်းကာကွယ်ရေး အမိန့်ပေးစနစ် ကို တည်ဆောက်ပေးခဲ့သည်။ ထို့ပြင် မြန်မာစစ်ဘက်ဝန်ထမ်းများကို ဘယ်လာရုစ်တက္ကသိုလ်တွင် လေ့ကျင့်သင်ကြားပေးနေကြောင်း Justice For Myanmar (JFM) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘယ်လာရုစ်အာဏာပိုင်များသည် မြန်မာစစ်အုပ်စုသို့ လေကြောင်းကာကွယ်မှု စစ်ဆင်ရေးဆိုင်ရာ အမိန့်ပေးစနစ် (MADOC)၊ သုံးဘက်မြင်ရေဒါနည်းပညာနှင့် မြေပြင်အခြေစိုက် ဒုံးကျည်စနစ်များ အပါအဝင် အဆင့်မြင့်စစ်ဘက်နည်းပညာများ လွှဲပြောင်းပေးထားကြောင်းလည်း JFM ထံမှ သိရသည်။
ယခုနှစ် မတ်လတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံတို့သည် တွေ့ဆုံခဲ့ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။
ဓာတ်ပုံ – စစ်ကော်မရှင်