(ဟားခါး)၊ ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၃ ရက်

 

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟာကျေးရွာရှိ မူလတန်းစာသင်ကျောင်းကို စစ်ကော်မရှင် တပ်ဖွဲ့ဝင် များက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား နှစ် ဦး သေဆုံးပြီး သုံးဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

စစ်ကော်မရှင်သည် ဗန်ဟာကျေးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များ တပ်စွဲထားခြင်း နှင့် စစ်ရေး လှုပ်ရှားမှုများ မရှိသော်လည်း ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့၊ နံနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျောင်းကို ဗုံးကြဲတာဆိုပေမယ့် ကျောင်းတည့်တည့် မထိဘဲ ကလေးတွေ သန့်ရှင်းရေးလုပ်တဲ့ ကျောင်းအနောက်ဘက်မှာ ကျပါတယ်။ အဲဒီမှာ ကလေးနှစ်ယောက်က ရှေ့ဆင့်နောက်ဆင့် ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု ဟားခါးမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

သေဆုံးသွားသည့်ကျောင်းသားနှစ်ဦးသည် အသက် (၇) နှစ်ဝန်းကျင်ရှိ မောင်ဂျိုဟန် ( Johan )နှင့် မဇိန်ကျဲရ် (Zin Cer ) တို့ ဖြစ်ကြပြီး ဒဏ်ရာရရှိသူများတွင် အသက်အန္တရာယ် စိုးရိမ်ရသည့် ကျောင်းသားများလည်း ပါဝင်ကြောင်း သိရသည်။

ထို့အပြင် စစ်ကော်မရှင်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း အဆောက်အအုံ အပါအဝင် အနီးအနားရှိ လူနေအိမ်အချို့ပါ ဗုံးစထိမှန်၍ ပျက်စီးသွားခဲ့သည်။

 

စစ်ကော်မရှင်သည် စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်နေ့ ညကလည်း မတူပီမြို့ပေါ်ကို ပေါင် ၅၀၀ ဗုံးသီးများဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်၍ လူအများအပြား ထိခိုက်သေဆုံးပြီး ယေရှူအသင်းတော် ဘုရားရှိခိုးကျောင်း လည်း ပျက်စီးခဲ့သည်။

 

ထို့အတူ ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်နေ့ကလည်း မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာနှင့် ထင်းချောင်း ကျေးရွာ စာသင်ကျောင်းကို လေကြောင်း ဗုံးကြဲတိုက်ခိုက်၍ ကျောင်းသား ကျောင်းသူ လေး ဦးသေဆုံးခဲ့ပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

ပုံစာ- စစ်ကော်မရှင်က ဟားခါးမြို့နယ်၊ ဗန်ဟာကျေးရွာရှိ မူလတန်းစာသင်ကျောင်းကို ဗုံးကြဲခံရပြီးနောက် တွေ့ရစဉ်။