
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ (အအက) က ၎င်းတို့၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (PDFs) သည် Starlink Internet သိမ်းဆည်းရေး ကိစ္စရပ်တစ်ခုတွင် ပြည်သူအပေါ် ဆက်ဆံရေး ကျင့်ဝတ်များကို ချိုးဖောက်ခဲ့ကြောင်း ဝန်ခံ၍ သတိပေး အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့ အောက်တိုဘာ ၁၂ ရက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက စဉ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် စည်းကမ်းချိုးဖောက်သည့် နေအိမ်တစ်အိမ်မှ Starlink Internet သိမ်းဆည်းရေး ဖြစ်စဉ်သည် လူမှုကွန်ရက်ပေါ်တွင် ရုပ်သံအဖြစ် ပျံ့နှံ့ခဲ့ပြီး အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း စဉ့်ကူးမြို့နယ် အအက၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
စဉ့်ကူးမြို့နယ် အအက သည် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများတွင် သတင်းပေါက် ကြားမှုနှင့် လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ဖြစ်ပွားနေခြင်း ကြောင့် Starlink Internet အသုံးပြုမှုများကို မတ်လ ၁၆ ရက်နေ့ မှစတင်၍ စိစစ်ကြပ်မတ်ရန် စည်းကမ်းများ ထုတ်ပြန်ထားပြီး ဖြစ်သည်။
ဖြစ်စဉ်ဖြစ်ပွားသည့်နေ့တွင် စည်းမျဉ်းစည်းကမ်းနှင့်အညီ အသုံးမပြုသည့် Starlink Internet ကို သိမ်းဆည်းရန် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)၊ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ ပူးပေါင်းအင်အား ငါးဦးက သွားရောက်ခဲ့သည်။
ထိုသို့ သွားရောက်စဉ် စည်းကမ်းချိုးဖောက်သည့် နေအိမ်မှ တာဝန်ရှိသူက တာဝန်ရှိသူတစ်ဦး ကိုယ်တိုင်လာရောက် သိမ်းဆည်းမှ လက်ခံမည်ဖြစ်ကြောင်း ပြန်လည်ချေပ ပြောဆိုခဲ့သည်။ ထို့ကြောင့် အအက ဥက္ကဋ္ဌ၏ ညွှန်ကြားချက်ဖြင့် တာဝန်ရှိသူတစ်ဦးနှင့် ပူးပေါင်းအင်အား ၁၂ ဦး က ထပ်မံသွားရောက်ခဲ့ရာမှ ဗီဒီယိုဖိုင်တွင် ပါဝင်သည့် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကနဦးတွင် တာဝန်ကျရဲဘော်များသည် “ကောင်းမွန်ကျေလည်စွာ ရှင်းပြပြောဆိုပြီး ပြဿနာအချေ အတင် မဖြစ်ပွားရေးအတွက် ဦးတည်ဆောင်ရွက်ခဲ့သည်” ကို တွေ့ရသော်လည်း ဖြစ်စဉ်၏ နောက်ပိုင်း တွင် “တာဝန်ကျရဲဘော်များဘက်ကလည်း ပြည်သူလူထုအပေါ် ဆက်ဆံပြုမူရမည့် စည်းကမ်းနှင့် ကျင့်ဝတ်များကို ချိုးဖောက်ပြီး စိတ်လိုက်မာန်ပါအပြုအမူများဖြင့် ပြန်လည်တုံ့ပြန်ပြုမူခဲ့သည်” ကို “စိတ်မကောင်းဖွယ်ရာ တွေ့ရှိရသည်” ဟု အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ (အအက) မှ ဝန်ခံထားသည်။
စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ယင်းကျင့်ဝတ်ချိုးဖောက်မှုအတွက် တာဝန်ကျ ရဲဘော်များကို “ထိုက်သင့်သည့် သတိပေးအရေးယူမှုများ” ကို ထိထိရောက်ရောက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ထို့ပြင် စည်းကမ်းချိုးဖောက်သည့် Starlink Internet စက်ပိုင်ရှင် ကိုလည်း ထုတ်ပြန်ချမှတ်ထားသည့် စည်းမျဉ်းများအတိုင်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
စဉ့်ကူးမြို့နယ် အအက အနေဖြင့် ယခုဖြစ်စဉ်အတွက် အများပြည်သူလူထု စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်ကို များစွာ စိတ်မကောင်းဝမ်းနည်းဖြစ်ရ ကြောင်းနှင့် နောက်နောင် ယခုကဲ့သို့ ဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရေးအတွက် အထူးအလေးပေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာခဲ့သည်။
ပုံစာ-လူမှုကွန်ရက်ပေါ်တွင် ရုပ်သံအဖြစ် ပျံ့နှံ့ခဲ့သည့် Starlink Internet သိမ်းဆည်းရေးဖြစ်စဉ်။