
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာ၊ ရေကြည်၊ အင်္ဂပူ၊ သာပေါင်းမြို့နယ်များတွင် အာရက္ခတပ်တော် (AA) နှင့် ထိတွေ့တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ပုသိမ်မြို့ကို ဆက်တိုက် ရောက်ရှိလာကြောင်း သိရသည်။
အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ရှိ ပုသိမ် စစ်မြေပြင်ဆေးတပ်ရင်း မဆရ-၄ အတွင်းသို့ ပို့ဆောင်ထားသော ဒဏ်ရာရရှိသူများ များပြားလွန်းသဖြင့် ဆေးရုံနေရာ မလုံလောက်မှု အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ဒဏ်ရာရ စစ်ကော်မရှင်တပ်ဖွဲ့ဝင် လူနာများကို ဆေးရုံအတွင်း ခုတင်မဆံ့တော့သည့်အတွက် ဆေးတပ်ရင်းအရှေ့ရှိ ကစားကွင်းနှင့် နားနေဆောင်များတွင်ပါ ပို့ထားရပြီး ကုသမှုပေးနေရကြောင်း သတင်းအထူးတပ်ဖွဲ့ ပုသိမ်ထံမှ သိရသည်။
“စစ်မတိုက်တတ်တဲ့သူတွေနဲ့ စစ်မတိုက်ချင်တော့တဲ့သူတွေပဲ ရှိတော့တယ်ဆိုတော့ ရှေ့တန်းပို့လည်း ထွက်ပြေး၊ ဒဏ်ရာရ၊ သေနဲ့ လုံးချာလည်နေတယ်။ အခုရက်ပိုင်းကို စစ်ကော်မရှင်က လေးမျက်နှာ ဘက်ကို စစ်ကူ အလုံးအရင်း ထပ်ပို့ထားတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင် သည် တိုက်ပွဲများပြင်းထန်နေသည့် လေးမျက်နှာမြို့နှင့် ရေကြည်မြို့နယ်ကို လူအင်အား အလုံးအရင်း ဖြည့်တင်းနေပြီး ဆက်သွယ်ရေးလမ်းကြောင်းများပါ ပြောင်းလဲထားကြောင်း သိရသည်။
ရက်တို စစ်သင်တန်းပေးထားသည့် စစ်မှုထမ်းသင်တန်းဆင်းများနှင့် မူးယစ်ဆေးစွဲနေသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များမှာ ရှေ့တန်းတိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများကာ မဆရ ၄ ပုသိမ်ကို ပြန်လည် သယ်ယူနေရခြင်းဖြစ်သည်။ သေဆုံးသွားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ရွှေမြင်တင် သုဿန်သို့ မပို့ခင် ရင်ခွဲရုံတွင်ပင် အစုလိုက်အပြုံလိုက် အမိန့်စာ ပြန်ပေးနေရကြောင်းလည်း သိရသည်။
ဓာတ်ပုံ- လူမှုကွန်ရက် (ပုံဟောင်း)