‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၁၂ရက်

အာရက္ခတပ်တော် (‎AA) နှင့် တိုက်ပွဲပြင်းထန်နေသည့် ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့နယ်ကို စစ်ကော်မရှင်က စစ်အင်အား အလုံးအရင်း ပို့ဆောင်နေကြောင်း သိရသည်။

စစ်ကော်မရှင်၏ စစ်သုံးကားကြီး အစီး၂၀ ပါ ယာဉ်တန်းသည် ‎ယမန်နေ့ အောက်တိုဘာ ၁၁ရက် နံနက်အစောပိုင်းတွင် ဟင်္သာတဘက်မှနေ၍ လေးမျက်နှာမြို့ကို ထွက်ခွာသွားကြောင်း သိရသည်။

‎”အခုစစ်တပ်က အင်အားပို့တာမှာထောက်ပို့ လမ်းကြောင်းပြောင်းတဲ့အနေနဲ့ ဟင်္သာတဘက်နေ ကွင်းကောက်အထိတက်ပြီးမှ လေးမျက်နှာ၊ ရေကြည်ဘက်ကို စစ်ယာဉ်တန်းသွားတယ်။ လေးမျက်နှာဘက်ကို အမိုးအုပ်စစ်သုံးကားကြီးတွေပို့နေတယ်” ဟု ဧရာဝတီသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

‎စစ်အင်အားအပြည့်ဖြင့် ထွက်ခွာသွားသည့် အဆိုပါ ယာဉ်တန်းသည် လေးမျက်နှာအစပ် စက်စက်ယို ကျေးရွာဘက်ကို ဦးတည်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အာရက္ခတပ်တော် (AA) သည် စစ်ကော်မရှင်တပ်များနှင့် ‎ပဲခူး ညောင်ကျိုးဗျူဟာကုန်း၊ မကွေး နတ်ရေကန်ဗျူဟာကုန်း၊ ဧရာဝတီ လေးမျက်နှာမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း အောက်တိုဘာ ၁၀ရက်နေ့တွင် AA က ထုတ်ပြန်ထားသည်။

‎ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်အပါအဝင် အမြောက်တပ် ၃၄၄ ရှိရာ ရေကြည်မြို့နယ်တွင် စစ်ကော်မရှင်က အင်အားဖြည့်တင်းလျက်ရှိသည်။ ထို့ပြင် အမတ-၃၄၄ ပတ်ဝန်းကျင်ရွာများရှိ ဒေသခံများကိုပါ စစ်ကော်မရှင်က မောင်းထုတ်ပြီး ကာကင်းစခန်းများပြုလုပ်ထားရာ ငသိုင်းချောင်း အထိ စစ်ဆေးရေးဂိတ်များ စခန်းငယ်များကို တိုးချဲ့ထားသည်။

စစ်ကော်မရှင်သည် ‎မိုင်းပန်အခြေစိုက် အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) လက်အောက်ခံတပ်ရင်းများကို AA နှင့် စစ်ဆိုင်ထားသည့် နယ်မြေများကို ဖြန့်ခွဲပို့ထားပြီး စစ်မှုထမ်း သင်တန်းဆင်းများကိုပါ အများဆုံး အသုံးပြုထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‎စစ်‌ကော်မရှင်သည် ‌ရေကြည်၊ လေးမျက်နှာနှင့် အင်္ဂပူမြို့နယ်များကို စစ်အင်အားပို့ဆောင်ရာ၌လည်း ဟင်္သာတမှကွင်းကောက်အထိတက်ပြီး စာစီကုန်း၊ ဘဲ့ပြားကုန်းတို့ဖက်မှဝင်၍ လူအင်အားများ ပို့ဆောင် ထားကြောင်း သိရသည်။

ပုံစာ-စစ်ကော်မရှင်၏စစ်ယာဉ်တန်းကိုတွေ့ရစဉ်(ပုံဟောင်း)