
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ရက်
တော်လှန်ရေးပူးပေါင်းတပ်များသိမ်းပိုက်ထားသည့် ဗန်းမောက်မြို့ကို စစ်ကော်မရှင်နှင့် ရှမ်းနီတပ် (SNA) ပူပေါင်းတပ်များက ပြန်လည်ထိုးစစ်ဆင်လာရာ မြို့အနီးရှိကျေးရွာတချို့ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင်နှင့်SNA ပူးပေါင်းတပ်သည် ယမန်နေ့ အောက်တိုဘာ ၁၁ရက်နေ့အထိ မြို့နှင့် ၃မိုင်အကွာ စက်တောရွာတွင် ရောက်ရှိနေပြီး နှစ်ဖက်တပ်များ စစ်ရေးတင်းမာနေကြောင်း သိရသည်။
”စစ်တပ်က မြို့ကိုပေးလိုက်ရပြီးနောက် ဗုံးလာကြဲတာ လေးကြိမ်ရှိပြီပေါ့။ သေဆုံးတာတော့မရှိပေမယ့် ထိခိုက်ပျက်စီးတာတော့ရှိပါတယ်။ မြို့ထဲကတော့ အားလုံးနီးပါးစစ်ရှောင်နေကြပါပြီ” ဟု ဗန်းမောက် မြို့ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် ယမန်နေ့ အောက်တိုဘာ ၁၁ရက် နံနက် ၅နာရီခန့်က ဗန်းမောက်မြို့တွင်း၊ ကျွန်းတောင်နှင့် မြစ်သေးချင်းတို့ကို Y12လေယာဉ်ဖြင့် ဗုံး ၁၁လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်နှင့် SNAပူးပေါင်းတပ်တို့သည် ပြီးခဲ့သည့် အောက်တိုဘာ ၄ရက်နေ့မှစတင်ပြီး လက်လွှတ်ခဲ့ရသည့် ဗန်းမောက်မြို့ကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။
ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များက သိမ်းယူချိန်တွင် မြို့ဝန်းကျင်မှ စစ်ကော်မရှင်တပ်များသည် ရွှေချောင်းရွာ၊ ပင်းဟင်းခါးရွာနှင့် သာယာကုန်းရွာတို့တွင် ကာကင်းထိုင်ထားပြီး အများစုမှာ ဗန်းမောက်မြို့နယ် မြောက်ဘက်ခြမ်းရှိ မံကုန်းရွာနှင့် အနောက်တောရွာသို့ ဆုတ်ခွာပူးပေါင်းသွား ကြောင်း သိရသည်။
”ခမရ ၁၆ တပ်တွေနဲ့ ရှမ်းနီတပ်တွေပူးပေါင်းပြီး ထိုးစစ်ဆင်တက်လာနေပါတယ် မြို့နဲ့ ၃မိုင် အကွာ ကရွာနဲ့ ၁၈မိုင်အကွာလောက်မှာ တိုက်ပွဲဖြစ်နေပါတယ်” ဟု သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စက်တောရွာနှင့် ကြောင်လည်ရွာတို့တွင် တိုက်ပွဲအချို့ရှိနေပြီး ရွာအချို့မှ တော်လှန်ရေး တပ်များ ဆုတ်ခွာပေးထားရကြောင်း သိရသည်။
စစ်ကော်မရှင်သည် ဟုမ္မလင်းဘက်က တပ်အချို့နှင့် ဗန်းမောက်အနောက်ခြမ်းမှစုဖွဲ့နေသည့် တပ်တို့ ပူးပေါင်းပြီး မြို့တွင်းသို့ ဝင်ရောက်နိုင်ရန် စစ်ကြောင်းထိုးနေကြခြင်းဖြစ်သည်။