
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ရက်
အာရက္ခတပ်တော် (AA) ၏ ထိုးစစ်များကြောင့် နတ်ရေကန် ဗျူဟာစခန်း ကို စစ်ကော်မရှင်တပ်များ ဆုတ်ခွာနေရသည့်နောက် စစ်ကော်မရှင် က အင်အားထပ်တိုးပို့ကာ ကာကွယ်ရန် ပြင်ဆင်နေကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၁၁ရက်နေ့တွင် မကွေးဘက်မှနေ၍ အရပ်သုံးယာဉ်အချို့အပါ စစ်ယာဉ်တန်း ၁၂ စီးအင်အားအပြည့်ဖြင့် အမှတ်(၉၀၅) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် (မစခ ၉၀၅) အတွင်း ဝင်ရောက်လာကြောင်း သိရသည်။
စစ်ကော်မရှင်၏ အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) ၏ လက်အောက်ခံတပ်များကို အင်အားဖြည့်ကူရန် ရောက်ရှိလာသော အဆိုပါစစ်ယာဉ်တန်းတွင် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၅) မှ သင်တန်းဆင်းများ အများဆုံးပါဝင်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
”လေယာဉ်ကတော့ တအားကြဲနေတယ်။ မစခထဲကို အင်အားအပြည့်ပါတဲ့ ကားတွေဆက်တိုက် ဝင်နေ တယ်။ နတ်ရေကန်နားမှာတော့ တိုက်ပွဲပြင်းထန်နေတယ်” ဟု မကွေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ် ကို ပြောသည်။
ထို့အပြင် ယမန်နေ့ အောက်တိုဘာ ၁၁ရက်နေ့တွင် နတ်ရေကန် ဗျူဟာမှထွက်ပြေးသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များကို လေကြောင်းမှ ကာပစ်ပေးပြီး Y8 အမျိုးအစားလေယာဉ်ဖြင့် လက်နက်၊ ခဲယမ်း အထုပ်များကို ချပေးခဲ့ရာ အများစုကို AA တပ်ဖွဲ့က ကောက်ယူရရှိခဲ့ကြောင်း ဒေသတွင်း သတင်း များအရ သိရသည်။
စစ်ကော်မရှင်သည် ၎င်းတို့၏ နတ်ရေကန်ဗျူဟာကုန်းကို ဗုံးကြဲချတိုက်ခိုက်ပြီး စခန်းအတွင်းရှိ အမြောက်များကိုပါ သယ်ထုတ်ပြေးသည့်အတွက် ဗျူဟာကုန်းကိုသိမ်းနိုင်ပြီဟု ဒေသခံများက သုံးသပ် ပြောကြားခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ဆိုထားသည်။
နတ်ရေကန်အနီးတဝိုက် ကာကင်းစခန်းများအသိမ်းခံရပြီး နတ်ရေကန်ဗျူဟာကိုလည်း လက်လွှတ် လိုက်ရသည့် စစ်ကော်မရှင်သည် လေကြောင်းပစ်ကူနှင့် မြေပြင်စစ်ကြောင်းအကူတို့ဖြင့် နတ်ရေကန် စခန်းကို ပြန်တက်လာနေပြီး တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေကြောင်း သိရသည်။
စစ်ကော်မရှင် တပ်ဖွဲ့များအနေဖြင့် အင်အားဖြည့်တပ်များကို ပို့ထားသော်လည်း တုံးကြီးလမ်းဆုံနား အထိသာ တိုးနိုင်မည် ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- ရှေ့တန်းစစ်မျက်နှာပြင် တစ်ခုတွင် တွေ့ရသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ (ပုံဟောင်း)