
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ အောက်တိုဘာ ၁၂ ရက်)
ရှမ်းခေါက်ဆွဲ ခရမ်းချဉ်သီးအနှစ်ထဲမှာ ယင်ကောင်အသေတစ်ကောင် ပါလာတာကို မြင်လိုက်ရတဲ့အခါ ကျွန်တော် စိတ်ညစ်သွားခဲ့ပါတယ်။ ဆိုင်ကို ပြောပြလိုက်တော့ နောက်အသစ်တစ်ပွဲ လဲလှယ်ပေးပါ မယ်တဲ့။ ဒါပေမဲ့ ကျွန်တော် ထပ်မစားရဲတော့ပါဘူး။
ဒီအဖြစ်အပျက်လေးကပင် အစားအသောက် ဘေးကင်းလုံခြုံရေး (Food Safety) ဆိုတာ နေ့စဉ် ဘဝအတွက် ဘယ်လောက် အရေးကြီးကြောင်း ပြသနေပါတယ်။ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အစာ အဆိပ်သင့်ခြင်း စတဲ့ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို အလေးပေး ဂရုစိုက်ဖို့ လိုပါတယ်။
ရောင်းချတဲ့ စားသောက်ကုန်ပစ္စည်းကလူတွေကိုကျန်းမာရေးဘေးဥပါဒ်ဖြစ်စေနိုင်တဲ့အခါ၊ ရောင်းချသူ အစားအသောက်ကိုင်တွယ်သူ ဝမ်းရောဂါအပါအဝင် ရောဂါကူးစက်ပြီး နေမကောင်းသည့်အခါ၊ ချက်ပြုတ်ပြင်ဆင်ထားပြီးပစ္စည်းများ အညစ်အကြေးနှင့် ထိတွေ့သွားသည့်အခါ၊ ဆိုင်ရဲ့ကုန်ကြမ်းတွေ မကောင်းတော့တဲ့အခါ စတဲ့အခြေအနေတွေမှာတော့ စားသောက်ကုန်များ ရောင်းချခြင်းကို ရပ်တန့် ရပါမယ်။
စားသုံးသူနစ်နာပါက အစားအသောက်ရောင်းချသူကို တရားစွဲဆိုပြီး နစ်နာကြေးတောင်းဆိုခွင့် ရှိပါတယ်။ သို့ပေမဲ့ မြန်မာ နိုင်ငံမှာတော့ အစားအသောက်ရောင်းချသူကိုတရားစွဲဆိုခြင်း ကိစ္စမျိုး လုပ်လေ့လုပ်ထ မရှိသေးပါ။
#အစားအသောက်ဘေးကင်းလုံခြုံရေး (Food Safety)
Food Safety ဆိုတာ အစားအသောက်များ စားသုံးရန် သို့မဟုတ် သောက်သုံးရန် သင့်လျော်ကြောင်း သေချာစေရန်အတွက် ထုတ်လုပ်မှုအဆင့်မှ စားသုံးသူလက်ထဲရောက်ရှိသည့်အဆင့်အထိ စနစ်တကျ စီမံဆောင်ရွက်မှုလုပ်ငန်းစဉ်များ အားလုံးကို ဆိုလိုပါတယ်။ အန္တရာယ်ဖြစ်စေနိုင်သည့် ဘက်တီး ရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ ဓာတုပစ္စည်းများ၊ သို့မဟုတ် အညစ်အကြေးများ (သဲ၊ ဆံပင်၊ ယင်ကောင်၊ လောက်) မပါဝင်အောင် ထိန်းချုပ်ခြင်း ဖြစ်ပါတယ်။
အစားအသောက် ဘေးကင်းလုံခြုံမှုမရှိတဲ့အခါ ဝမ်းပျက်ဝမ်းလျှော၊ အစာအဆိပ်သင့်၊ ကာလဝမ်း ရောဂါများ၊ အသည်းရောင် အသားဝါရောဂါများ အပါအဝင် အစာမှတစ်ဆင့် ကူးစက် ရောဂါများ ဖြစ်ပွားစေပြီး လူအစုအဖွဲ့လိုက် မကျန်းမမာဖြစ်နိုင်ပါတယ်။
#လမ်းဘေးအစားအသောက် (Street Food)
လမ်းဘေးအစားအသောက် (Street Food) တွေဆိုတာ မြန်မာနိုင်ငံနှင့် နိုင်ငံအတော်များများရဲ့ လူနေမှု ဘဝတွေမှာအရေးပါတဲ့ ယဉ်ကျေးမှုဓလေ့အဖြစ်ပါဝင်နေပါတယ်။ အရသာလည်းရှိပြီး၊ စျေးနှုန်း သက်သာကာ လွယ်ကူလျင်မြန်စွာ အဆင်ပြေပြေ ရနိုင်တာကြောင့် လူအများနေ့စဉ်ဘဝမှာ စားသောက် နေရပေမယ့်လည်း ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာပြဿနာမျာတော့ ယှဉ်တွဲရှိနေပါတယ်။ လမ်းဘေးအစားအသောက်တွေကို သတိပြုဆင်ခြင်တဲ့အခါ ဆိုင်ရဲ့သန့်ရှင်းရေး အစားအသောက် အနေအထား ကိုင်တွယ်ယူငင်ထုတ်ပိုးခြင်း ပြင်ဆင်တည်ခင်းခြင်း အကြွင်းအကျန်စွန့်ပစ်ခြင်း စတဲ့ အခြေအနေအရပ်ရပ်ကို ကြည့်ရှုပြီး အကဲဖြတ်ပါ။
#လမ်းဘေးအစားအသောက်ရောင်းချသည့်ဆိုင်ရဲ့သန့်ရှင်းမှု
အစားအသောက်ရောင်းချတဲ့ နေရာဆိုတာ အစဉ်အမြဲ သန့်ရှင်းနေရပါမယ်။ အမှိုက်များ၊ ပိုးမွှားများ ၊ ဖုန်မှုန်များ ကင်းဝေးတဲ့နေရာ ဖြစ်နေရပါမယ်။ အမြင်မတင့်တယ်သော အမှိုက်ပုံများ၊ အနံ့အသက် မကောင်းသော ရေနုတ်မြောင်း၊မိလ္လာကန် တို့ရဲ့အဝေးနေရာမှာ ရောင်းချတာဖြစ်ရပါမယ်။ အစား အသောက်များကို ယင်ကောင်၊ ပိုးမွှားများ မဝင်ရောက်နိုင်အောင် ဖုံးအုပ်ထားရပါမယ်။ အစား အသောက်တွေကိုတည်ခင်းသည့်အခါ ကိုင်တွယ်သည့်အခါ အသုံးပြုတဲ့ စားပွဲ၊ ခုံ၊ ပန်းကန်၊အိုး၊ခွက်၊ ဇွန်း အစရှိသဖြင့် ပစ္စည်းများကို စနစ်တကျ သန့်ရှင်းစင်ကြယ်နေအောင် ထိန်းသိမ်းထားရပါမယ်။
ဆိုင်နှင့်ဆိုင်ပတ်ဝန်းကျင်မှာ အမှိုက်များ စနစ်တကျစွန့်ပစ်တဲ့ စနစ်ကိုလည်း ပြင်ဆင်ထားရပါ မယ်။ အဖုံးပါတဲ့အမှိုက်ပုံးတွေကို အသုံးပြုရပါမယ်။ ဆိုင်အနီးနားမှာ လက်ဆေးဖို့နေရာလေး ပြုလုပ် ပေးနိုင်ရင်တော့အကောင်းဆုံးဖြစ်ပါတယ်။
#အစားအသောက် ပြင်ဆင်ခြင်း၊ ချက်ပြုတ်ခြင်း
ပူပူနွေးနွေးရှိပြီး ချက်ချင်းချက်ထားတဲ့ အစားအသောက်ကို ရွေးချယ်စားသုံးသင့်ပါတယ်။ သင့်မျက်စိ ရှေ့မှာတင် အပူချိန်မြင့်မြင့် သေသေချာချာကျတ်အောင် ချက်ပြုတ်နေသော အစားအသောက်များက ဘက်တီးရီးယား ပေါက်ဖွားနိုင်ခြေ နည်းပါးပါတယ်။ အသား၊ ငါး၊ ကြက်ဥ စသည့် ပရိုတင်းများများပါတဲ့ အစားအသောက်များကို လုံးဝကျက်သည်အထိ ချက်ပြုတ်သင့်ပါတယ်။ ချက်ပြီးသားအစားအသောက် များကို ပြန်လည်ပူနွေးသွားသည့်အထိ အပူပေးသင့်ပါတယ်။
စျေးဆိုင်ရှိ လျှပ်စစ်မီး ဓာတ်ငွေ့မီး(ဂတ်စ်မီး) မီးသွေးမီး စတဲ့ အပူပေးစနစ်ကိုလည်း ဘေးအန္တရာယ် ကင်းရှင်းစေရုံသာမက ကျန်းမာရေးနဲ့ညီညွတ်စွာစနစ်တကျအသုံးပြုရပါမယ်။ မီးဘေးအန္တရာယ် ဖြစ်လာခဲ့လျှင်လည်း လူအန္တရာယ် အနည်းဆုံးကျရောက်စေမယ့် နည်းလမ်းတွေနဲ့ မီးငြိမ်းသတ်ဖို့ ကိုပြင်ဆင်ထားရပါမယ်
သောက်ရေနှင့် ရေခဲ တို့ရဲ့သန့်ရှင်းခြင်းကိုလည်းဂရုစိုက်ရပါမယ်။ ရေထည့်သွင်းအသုံးပြုတဲ့ ဘူးတွေ ခွက်တွေကို အမြဲသန့်ရှင်းနေအောင် ဂရုစိုက်ရပါမယ်။ ရေခဲထိန်းသိမ်းမှုနည်းလမ်းတွေ၊ အသုံးပြုပြီး ရေစွန့်ပစ်ခြင်းနည်းလမ်းကလည်း စနစ်တကျသန့်ရှင်းရပါမယ်။အသီးအရွက်နှင့် အသီးအနှံများ သန့်ရှင်းနေဖို့ သေချာဆေးကြောထားရပါမယ်။
ရောင်းချသူ တစ်ကိုယ်ရည်သန့်ရှင်းကျန်းမာရေးကလည်း အစားအသောက်ပေါ်မှာ သက်ရောက်မှုရှိပါ တယ်။လက်သန့်ရှင်းရေးက ဦးစားပေး ကျန်းမာရေးဖြစ်ပါတယ်။ အစားအသောက် ကိုင်တွယ်သူတိုင်း လက်ကို စနစ်တကျ ဆေးကြောရပါမယ်။ လက်အိတ်သန့်သန့် ဝတ်ဆင်၍ကိုင်တွယ် ရပါမယ်။
အစားအသောက်ကို ကိုင်တွယ်နေရင်း ပစ္စည်းတခုခုကိုကိုင်လိုက်တာ ပိုက်ဆံကို ကိုင်လိုက်တာက ကိစ္စသေးသေးလေးလို့ထင်ရပေမယ့် လုံးဝကိုမလုပ်သင့်ပါ။ ပိုက်ဆံမှာ ရောဂါပိုးပေါင်းများစွာ ကပ်တွယ်နေနိုင်ပါတယ်။ လက်မှတစ်ဆင့်ရောဂါပိုးတွေ အစာအသောက်ထဲသို့ဝင်သွားနိုင်ပါတယ်။
အစားအသောက်ကိုင်တွယ်ရောင်းချသူက သပ်ရပ်သန့်ရှင်းသော အဝတ်အစားများ ဝတ်ဆင်ရပါမယ်။ ဆံပင်ကို ဖုံးအုပ်ထားရပါမယ်။ မီးဖိုချောင်သုံး Apron ရင်စည်း ၊ ခါးစည်း တို့ကိုဝတ်ဆင်ရပါမယ်။
အစားအသောက်ခင်းကျင်းမယ်ဆိုရင်လည်းအစိမ်းနှင့် ချက်ပြုတ်ပြီးအစားအသောက်များကို အတူ မထား သင့်ပါဘူး။ အသားစိမ်း၊ ငါးစိမ်းများ၊ အသာလုံးများ (Raw Food) နှင့် ချက်ပြုတ်ပြီးသား အစားအသောက်များ (Cooked Food) ကို သီးခြားခွဲထားပြီး ကိုင်တွယ်၊ လှီးဖြတ်၊ ပြင်ဆင်၊ သိုလှောင်ရပါမယ်။။ ဓါးနှင့် လှီးစရာ စဥ်းတီးတုံး ဘုတ်ပြားများကိုခွဲခြားအသုံးပြုရပါမယ်။
ဒီအချက်အလက်တွေကို လိုက်နာပြီး အစားအသောက်သန့်ရှင်းရေးကို အလေးထားဂရုပြုတဲ့ လမ်းဘေးဆိုင် တွေကိုသာအားပေးပါ။
Street Food လမ်းဘေးအစားအသောက် အားပေးမယ့် သင်ကိုယ်တိုင်ကလည်း အစား မစားမီနှင့် စားပြီးနောက် ဆပ်ပြာနှင့်ရေသုံးပြီး စနစ်တကျလက်ဆေးခြင်း ၊ လက်သန့်ဆေးရည် (Hand Sanitizer) ကို အသုံးပြုခြင်း တွေကို ကောင်းမွန်တဲ့အကျင့်လေးတစ်ခုအဖြစ် မွေးမြူသင့်ပါတယ်။
လမ်းဘေးအစားအသောက် စားသုံးတာက ပျော်ရွှင်စရာအတွေ့အကြုံဖြစ်ပေမယ့်လည်း အစား အသောက် ဘေးကင်းလုံခြုံမှုဆိုင်ရာ အသိပညာများကို တွေးတောဆင်ခြင်ကာ ကျန်းမာရေးနဲ့ အညီရောင်းချတဲ့ လမ်းဘေးအစားအစာဆိုင်များကိုသာ ရွေးချယ်ကြပါ။ ပိုပြီးကောင်းတဲ့ သန့်ရှင်းတဲ့ အစားအစာများ ဖြစ်ဖို့လည်း ဆိုင်များအားလုံးက ကျန်းမာရေးအသိလေးတွေကို ဆင်ခြင်ပြီး လိုက်လုပ်ကြဖို့တိုက်တွန်းအကြံပြုပါတယ်။
နောက်တစ်ပတ်မှာတော့ “Medical Check Up – ဆေးစစ်ခြင်းဆိုတာ လုပ်သင့်ရဲ့လား” ဆိုတဲ့ ကျန်းမာရေးဆောင်းပါးတင်ဆက်ပေးမှာပါ။ ဧရာဝတီတိုင်မ်းပရိသတ်များအားလုံးလည်း ဘေးကင်း လုံခြုံတဲ့ အစားအသောက်များသာရွေးချယ်စားသောက်ပြီး ကျန်းမာတဲ့ဘဝတွေရရှိပါစေကြောင်း ဆုမွန် ကောင်းတောင်းလိုက်ပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ကျန်းမာရေးဆောင်းပါး #လမ်းဘေးအစားအသောက် #ဘေးကင်းကျန်းမာရေး #Ayeyarwaddy_Times