ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ ရက်

 

ရန်ကုန် – ဒလမြစ်ကူးတံတားစီမံကိန်းကို ကိုရီးယားနိုင်ငံချေးငွေဖြင့် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သော်လည်း နိုင်ငံတော်ဘဏ္ဍာ‌ငွေထည့်ဝင်မှုကြောင့် လုပ်ငန်းပြီးစီးခြင်း ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

 

စစ်ခေါင်ဆောင်သည် ယမန်နေ့ အောက်တိုဘာ ၁၀ ရက်နေ့က မြန်မာ – ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းနေရာတွင် ပင်မတံတားချိတ်ဆက်မှုကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးစဥ် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

 

စစ်ခေါင်းဆောင်က တံတားတည်ဆောက်ရေးလုပ်ငန်းပြီးစီးရန် နိုင်ငံဘဏ္ဍာငွေဖြည့်တင်းဆောင်ရွက်နိုင်ခဲ့၍ လုပ်ငန်းပြီးစီးခြင်းဖြစ်ကြောင်း၊ ယင်းတံတားကြောင့် ရန်ကုန်မြို့ယာဉ်ကြောပိတ်ဆို့မှုများ လျော့ပါးသွားမည်ဖြစ်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်းလည်း ဆိုထားသည်။

ယင်းကဲ့သို့ စစ်ခေါင်းဆောင်က တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးကြောင်း ထုတ်ဖော်ပြောကြားသော်လည်း၊ နိုင်ငံတကာ ဘဏ္ဍာရေး လေ့လာဆန်းစစ်သူများကမူ စစ်ကောင်စီ သည် ပြည်သူ့ဘဏ္ဍာငွေများကို ပြည်သူ့လုပ်ငန်းများထက် စစ်စရိတ်များတွင်သာ ဦးစားပေး အသုံးပြုနေကြောင်း ဝေဖန်မှုများ ရှိနေသည်။

 

အဆိုပါတံတားကို တရုတ်နိုင်ငံပိုင် ဆောက်လုပ်ရေးလုပ်ငန်းဖြစ်သည့် CCECC နှင့် ပူးပေါင်းထားသော China Civil Engineering Construction Corporation Myanmar Limited က တာဝန်ယူတည်ဆောက်ခြင်းဖြစ်ကာ ယခုနှစ်ကုန်ပိုင်းတွင် လွှဲပြောင်းပေးမည် ဖြစ်ကြောင်း သိရသည်။

 

မြန်မာ- ကိုရီးယားနှစ်နိုင်ငံချစ်ကြည်ရေးချေးငွေဖြင့် ယင်းတံတားကို ၂၀၁၇ ခုနှစ်တွင် စီမံကိန်းချပြီး ၂၀၁၉ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။

ကိုရီးယားနိုင်ငံချေးငွေ အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်း နှင့် မြန်မာအစိုးရထည့်ဝင်ငွေ သန်း ၃၀ ကျော် အပါအဝင် စုစုပေါင်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၁၇၄ သန်း ဖြစ်ကြောင်း အချက်အလက်များအရ သိရသည်။

 

မြန်မာ – ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားသည် သံမဏိကြိုးဆိုင်းတံတားအမျိုးအစားဖြစ်ပြီး လေးလမ်းသွားတံတား၊ တံတားတစ်စင်းလုံး၏ စုစုပေါင်းအရှည်မှာ ၆,၁၂၇ ပေ ရှိကြောင်း သိရသည်။

 

သို့သော်လည်း အဆိုပါတံတားနှစ်ဖက် ချိတ်ဆက်မှုပွဲကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မှုကြောင့် ဒလမြို့ခံများ အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသည်။ ဒလမြစ်ကူးသွားလာနေသည့် ကူးတို့သဗ္ဗာန်များ အလုပ်ရပ်နားရခြင်း၊ လမ်းဘေးဈေးဆိုင်များ ပိတ်ထားရခြင်း တို့ ဖြစ်ပေါ်ခဲ့ကြောင်း ဒလမြို့ခံများထံမှ သိရသည်။

 

“အရေးကြီးတဲ့ တံတားပြီးတာကို ဝမ်းသာပေမယ့် ခေါင်း ဆောင်ကြီးလာမယ်ဆိုပြီး တစ်နေ့လုံး လမ်းပိတ်၊ သဗ္ဗာန်တွေလည်း ရပ်ထားရတော့ ကျွန်မတို့လို နေ့စားသမားတွေအတွက်တော့ အလုပ်ပြတ်ပြီး အခက်အခဲ ဖြစ်တာပေါ့” ဟု ဒလမြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဓာတ်ပုံ – MOI, ဧရာဝတီတိုင်းမ်