ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ ရက်

 

စစ်ကော်မရှင်ထိုးစစ်ဆင်နေသည့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ လေသာတောင်တိုက်ပွဲတွင် ထိခိုက် သေဆုံးမှုများပြီး အလောင်းများဆွဲပြေးနေရသည်ကို မပေါက်ကြားရန်အတွက် စစ်သုံးကားများ အသုံးပြုရန် ပြင်ဆင်နေကြကြောင်း သိရသည်။

 

စစ်ကော်မရှင်သည် ၎င်းတို့ လက်လွတ်ဆုံးရှုံးလိုက်ရသည့် လေသာတောင်ရှိ စစ်စခန်းကို ပြန်လည်ရရှိရန်အတွက် အောက်တိုဘာ ၆ ရက်နေ့မှစတင်၍ စစ်ကြောင်းထိုးလာရာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး အလောင်းများဆွဲပြေးခဲ့ရသည်။

 

“ကားနှစ်စီးခေါ်ထားတာက အင်အားဖြည့်ဖို့မဟုတ်ပါဘူး။ အလောင်းကောက်ဖို့ဖြစ်ပါတယ်။ လူမှု ကူညီရေးအသင်းပိုင်ယာဉ်တွေနဲ့ အလောင်းတွေတင်လို့ သတင်းပေါက်ကြားပါတယ်ဆိုပြီး သူတို့ ကားတွေနဲ့အသင့်ပြင်ထားတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်တပ်သည် သေဆုံးတပ်ဖွဲ့ဝင်အလောင်းလောင်းများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို သယ်ဆောင်ရန်အတွက် အနီးနားကျေးရွာများမှ လူမှုကူညီရေးကားများကို အရေးပေါ်အသုံးပြုရာတွင် ပြင်ပသို့ သတင်းပေါက်ကြားသည်ဟုဆိုကာ တိုက်ပွဲအတွင်းမှ အလောင်းများ ကောက်ယူရန် စစ်သုံးမော်တော်ယာဉ်နှစ်စီးကို အဆင်သင့်ပြင်ထားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

 

အဆိုပါအလောင်းသယ်ရန် ကားနှစ်စီးကို ဥသျှစ်ပင်တံတား စစ်ဆေးရေးဂိတ်တွင် အသင့်အနေ အထားဖြင့် ထားရှိထားကြောင်း သိရသည်။

 

စစ်ကော်မရှင် စစ်ကြောင်းသည် ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်နေ့က ဆင်လန်စခန်းမှနေ၍ လေသာတောင်ဖက်သို့ ခြုံခို ထွက်လာရာ AA နှင့် ထိပ်တိုက်တွေ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ခန့်သေဆုံးခဲ့သည်။ ကျန်သူများကို Y 12 လေယာဉ်ဖြင့် ဗုံးကြဲပစ်ကူပေးကာ ကယ်ထုတ် ပေးခဲ့ရကြောင်း သိရသည်။

 

စစ်ကော်မရှင်က ညောင်ကျိုးစခန်းနှင့် တောင်ကုတ်လမ်းတစ်ကြောကို ပြန်လည်ရရှိရန်အတွက် ထုတ်နုတ် အင်အားအလွန်အကျွံသုံးကာ စစ်ကြောင်းထိုးစေရာ ညောင်ကျိုးနှင့် တောင်ကုတ်ကြားတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ အစုလိုက် အပြုံလိုက် သေဆုံးခဲ့သည်။

 

ထိုသို့ သေဆုံးမှုကို ဖုံးဖိထားပြီး အဆိုပါလမ်းကြောင်းမှ ဖြတ်သန်းသွားလာသူများကိုပါ ဖမ်းဆီးမှု များရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

 

ပုံစာ-AA တပ်ဖွဲ့ဝင်များ(ပုံဟောင်း)