
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်ရှိ စစ်ကော်မရှင်၏ နတ်ရေကန်ဗျူဟာ ပင်မစခန်းကြီးကို အာရက္ခတပ်တော် (AA)နှင့် ပူးပေါင်းတပ်များ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၁၀ရက်နေ့ ညပိုင်းကတည်းက စခန်းအတွင်းရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားကြပြီး လေကြောင်းပစ်ကူများကြားမှ စခန်းကို AAက သိမ်းယူလိုက်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
“တိုက်ပွဲကတော့ဖြစ်နေတယ်။ လေကြောင်းကလည်းဆက် တိုက်ကြဲနေတယ်ဗျ။ ဒီနေ့ ၁၁ရက်နေ့ မနက်ပိုင်းထိကို Y12နဲ့ လာကြဲနေတာ” ဟု မကွေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် စခန်းမှ ထွက်မပြေးမီ ဟောင်ဝစ်ဇာ အမြောက်များကိုလည်း ယာဉ်တန်းများဖြင့် သယ်ထုတ်သွားကြောင်း သတင်းရင်းမြစ်က ဆိုထားသည်။
စစ်ကော်မရှင်တပ်သည် နတ်ရေကန်ဗျူဟာ ပင်မစခန်းကြီး ကာကင်းစခန်း ဖိုက်တာကုန်းသိမ်းယူခံရပြီးနောက် တပ်ပျက်ကာ နတ်ရေကန်စခန်းဘက်သို့ လက်နက်များစွန့်ကာတပ်ဆုတ်ပြေးရာတွင် AA တပ်ဖွဲ့များ၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။
စစ်ကော်မရှင်သည် နတ်ရေကန်ဗျူဟာ မကျစေရေးအတွက် လေကြောင်းပစ်ကူ ဆက်တိုက်ပေးခဲ့သော်လည်း စစ်ကော် မရှင်တပ်ဖွဲ့ဝင်များ စခန်းစွန့် ထွက်ပြေးသွားကြောင်း သတင်းရင်းမြစ်များထံမှသိရသည်။
AAသည် နတ်ရေကန် ကာကင်းစခန်းကုန်းများဖြစ်သည့် MPT တာဝါတိုင်ကုန်း၊ ဂုတ်ကြီးစခန်း၊ ဖိုက်တာကုန်းတို့ကို ဆက်တိုက်သိမ်းယူပြီးနောက် ပင်မဗျူဟာကုန်းကို ပိတ်ဆို့တိုက်ခိုက် သိမ်းယူလိုက်ခြင်းဖြစ်သည်။
ပဒါန်းတပ်နယ်အတွင်းရှိတပ်မ (၉၉) သည် သေဆုံးထိခိုက်များစွာနှင့် နောက်တန်းပြန်သွားပြီးနောက် အမှတ်(၁၇) စစ် ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) လက်အောက်ခံတပ်ရင်းများ နတ်ရေကန်သို့ ရောက်လာခြင်းဖြစ်သည်။
အင်အား ၁၅၀၀ ခန့်သုံးထားသည့် စစ်ကော်မရှင်၏ တပ်မ (၉၉)မှာ အင်အား ၇၀၀ သာနောက်တန်းသို့ပြန်နိုင်ခဲ့ပြီး အင်အား ၃၀၀ ခန့်မှာ စွန်တက်နှင့်နတ်ရေကန်တဝိုက်အင်အားဖြန့်ကျက်ခံခဒ့ရကာ အင်အား ၅၀၀ ခန့်မှာ တိုက်ပွဲအတွင်း ပြုန်းတီးခဲ့ခြင်း ဖြစ်သည်။
စစ်ကော်မရှင်သည် နတ်ရေကန်စခန်းမကျစေရန် အမှတ် (၉၀၅) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၅) မှ စစ်သုံးကားကြီး အင်အားအပြည့်ပါ ယာဉ်တန်းများဖြင့် နေ့စဉ်နီးပါး အင်အားဖြည့်ပေးခဲ့သည်။
ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)