ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ ရက်

 

အာဏာသိမ်း စစ်အုပ်စု၏ အရပ်သားများအပေါ်ပစ်မှန်ထားကာ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် စက်တင်ဘာ တစ်လတာအတွင်း အရပ်သား ၁၅၈ ဦးသေဆုံးခဲ့ပြီး ၂၈၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန အစီရင်ခံစာအရ သိရသည်။

 

စစ်ကော်မရှင်သည် စက်တင်ဘာ တလအတွင်းပင် လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၈၇ ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား ၁၅၈ ဦးသေဆုံးခဲ့ကာ၎င်းတို့ထဲတွင် အသက်မပြည့်သေးသည့် ကလေးသူငယ်ပေါင်း ၃၃ ဦးအထိပါဝင်နေကြောင်းသိရသည်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် စာသင်ကျောင်း ၁၅ ကျောင်းပျက်စီးခဲ့ရပြီး အရပ်သားနေအိမ် ၁၃၄ လုံးပျက်စီးခဲ့ရကာ မန္တလေးတိုင်းတွင် လေကြောင်းတိုက်ခိုက်မှုအများဆုံးပြုလုပ်ခဲ့သည့် ဒေသတစ်ခုဖြစ်ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ထို့ပြင် စစ်ကော်မရှင်သည် လေကြာင်းတိုက်ခိုက်မှုအပါအဝင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများလည်း ပြုလုပ်ခဲ့ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုများကြောင့် အရပ်သား ၁၀၇ ဦးအထိသေဆုံးခဲ့ပြီး အမျိုးသမီး ၁၄ ဦးအထိသေဆုံးကာ ကျား၊မခွဲခြားမရသူ ၃၆ ဦးအထိရှိနေကြောင်းလည်း သိရသည်။

စစ်ကော်မရှင်သည် လက်ရှိတွင် အရပ်သားများအပေါ်မြေပြင်စစ်ကြောင်းထိုးတိုက်ခိုက်ခြင်းများထက် လေကြောင်းအသုံးပြုဗုံးကြဲတိုက်ခိုက်ခြင်းများကို ပိုမိုပြုလုပ်နေခြင်းလည်း ဖြစ်သည်။

 

ယခုလ အောက်တိုဘာ ၆ ရက်နေ့ သီတင်းကျွတ်လပြည့်နေကလည်း စစ်ကော်မရှင်သည် သီတင်းကျွတ်မီးထွန်းပွဲတော်ပြုလုပ်နေသည့် ချောင်းဦးမြို့နယ်၊ ဘုံတိုရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၂၂ ဦးအထိသေဆုံးခဲ့ပြီး ၅၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

 

ပုံစာ – စက်တင်ဘာလအတွင်း စစ်ကော်မရှင်၏လေကြောင်းတိုက်ခိုက်မှုမှတ်တမ်းများ