ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ ရက်

 

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ခုံဇင်ကုန်းကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာတွင် စစ်ကော်မရှင်တပ်ကို လိုင်းကြေးပေးပြီးလောင်းကစားဝိုင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံက သတင်းရရှိသည်။

 

ကံကုန်းကျေးရွာတွင် ဦးခေါကြီး (ခ) ဦးထွန်းထွန်း နေအိမ်ခြံအတွင်း ဖဲဝိုင်းအပြင် အခြားလောင်းကစားဝိုင်းများပါထည့်သွင်းပြီး နယ်ပေါင်းစုံမှ လောင်းကစားသမားများ လာရောက်ကစားနေကြောင်း ဒေသခံများကပြောသည်။

 

အဆိုပါလောင်းကစားဝိုင်းများကို ကံကုန်းအုပ်ချုပ်ရေးမှူး ဦးလှသိန်း ဦးဆောင်၍ ကံကုန်းကျေးရွာရှိ (၅၀၅)အမြောက်တပ်မှတပ်ရင်းမှူး ဝင်းမင်းအောင်နှင့် တပ်ရေးဗိုလ်ကြီး သန့်ဇင်အောင်တို့က တာဝန်ယူပြီး လုပ်ကိုင်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

“ဖဲဝိုင်းအိမ်ပိုင်ရှင် ခေါကြီးယောက်ဖ၊ ရာအိမ်မှူးကျားကြီး(ခ)ကျော်မြင့်အောင်ကလည်း အာဏာပိုင်တွေကို ပိုင်တယ်။ဘယ်အဖွဲ့အစည်း ဘယ်ရဲကမှ မဖမ်းရဲဘူးလို့ပြောဆိုပြီး အမြဲအော်ဟစ်ဆဲဆို ရမ်းကားလေ့ရှိပါတယ်။ ဝိုင်းတွေက သိန်းငါးရာကနေ သိန်းတစ်ထောင်ဝန်းကျင်အထိကို သူတို့ပြုလုပ်နေကြတာပါ”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

 

ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်နေ့က လောင်းကစားဝိုင်းအိမ်ပိုင်ရှင် ဦးခေါကြီး (ခ) ဦးထွန်းထွန်းကို စစ်ကော်မရှင်တပ်က အဖမ်းပြခဲ့ပြီး တပ်ရင်းမှူးဝင်းမင်းအောင်နဲ့ တပ်ရေးဗိုလ်ကြီး သန့်ဇင်အောင်တို့ လိုက်လံဖြေရှင်းပေးခဲ့ကြောင်း ဒေသခံများကပြောသည်။

 

ထို့ပြင် ကံကုန်းကျေးရွာရှိ ဦးခေါကြီး (ခ) ဦးထွန်းထွန်းအိမ်အပြင် (၅၀၅)အမြောက်တပ်မှ တပ်ရင်းမှူး ဝင်းမင်းအောင်နေထိုင်သည့်နေအိမ်များတွင်လည်း ဖဲဝိုင်းများ နေ့စဥ် ပြုလုပ်နေပြီး မြို့နယ် စစ်ကော်မရှင်တပ်မှ အရေးယူခြင်းမရှိကြောင်း သိရသည်။

 

စစ်ကော်မရှင်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်းရှိ ကန်ကြီးထောင့်အပြင် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ မြန်အောင်မြို့နယ် အင်ပင်မြို့ ၊ ရေကြည်မြို့နယ်နှင့် ကျုံ‌ပျော်မြို့နယ်တို့တွင်လည်းလောင်းကစားဝိုင်းများ ယခင်ကထက်ပိုမိုများပြားလာကြောင်း စုံစမ်းသိရှိရသည်။

 

ဓာတ်ပုံ-၅၀၅အမြောက်တပ်မှတပ်