နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ ရက်

အာဏာသိမ်းပြီးနောက် ပြန်လည်ပြုလုပ်သွားမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ မှားယွင်းမှုသည် အနည်းငယ်သာရှိပြီး ထိုအရာသည် ၎င်းတို့၏ ဌာနဆိုင်ရာ Non CDM ဝန်ထမ်း အချို့နှင့် ရွှေ့ပြောင်းနေထိုင်သူတို့ကြောင့် ဖြစ်ကြောင်း စစ်ကော်မရှင်က စွပ်စွဲပြောဆိုသည်။

စစ်ကော်မရှင်သည် ၎င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန်ရာတွင် မြို့နယ်တိုင်း၌ မှားယွင်းနေသော်လည်း ယမန်နေ့ အောက်တိုဘာ ၁၀ ရက်က နေပြည်တော် အစည်းအဝေးတွင်မူ ထိုကဲ့သို့ ငြင်းဆိုစွပ်စွဲခဲ့ခြင်းဖြစ်သည်။

နေပြည်တော်၌ ပြုလုပ်သည့် မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ အစည်း အဝေးတွင် စစ်ကော်မရှင်ခန့် ယင်းကော်မတီ ဥက္ကဋ္ဌဖြစ်သူ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်က ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်မှစ၍ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန်ရာတွင် အချို့ဒေသများ၌ မဲစာရင်းများ မပြည့်စုံမှု၊ အချက်အလက်ကွဲလွဲမှုနှင့် လိုအပ်ချက်များ အနည်းငယ်ရှိနေသည်ကို တွေ့ရကြောင်း ဦးမြင့်ကြိုင်က ပြောသည်။

ထို့အပြင် လက်ရှိအတည်ပြု လူဦးရေစာရင်းတွင် ဌာနဆိုင်ရာဝန်ထမ်းအချို့နှင့် အကြောင်းအမျိုးမျိုး ကြောင့် ရွှေ့ပြောင်းနေထိုင်သူများသည် ပြောင်းရွှေ့နေထိုင်ရာ ဒေသသို့ အိမ်ထောင်စုလူဦးရေစာရင်း ပြောင်းရွှေ့ဝင်ရောက်မှု မရှိကြောင်း ၎င်းက ဆိုသည်။

ယင်းအတွက်ကြောင့် မဲဆန္ဒရှင်စာရင်းများ ပြုစုရာတွင် ကျန်ရှိနေခြင်း၊ ကွဲလွဲနေခြင်းများ ဖြစ်နေရဟု စွပ်စွဲကာ မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရန် ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုးရရှိအောင် လုပ်ဆောင် နေကြောင်း ဦးမြင့်ကြိုင်က ဆက်လက်ပြောဆိုသည်။

အဆိုပါ ရွေးကောက်ပွဲသည် အတုအယောင်ဖြစ်၍ လက်မခံဟု ပြည်သူများက ကန့်ကွက်ပြောဆိုကာ မဲစာရင်း ကြေညာမှုကို လာမကြည့်သဖြင့် စစ်ကော်မရှင်မှ ရက်တစ်ပတ် ထပ်မံတိုးပြီး ရွေးကောက်ပွဲ ကိစ္စ ဆိုင်းဘုတ်တပ် ကြေညာနေကြောင်း သိရသည်။

ထို့အပြင် မဲဆန္ဒရှင် စာရင်းများ ပြုစုရာ၌လည်း နိုင်ငံတကာ အကူအညီမရဘဲ ဘတ်ဂျက်ငွေ ဒေါ်လာသန်းချီ သုံးစွဲ၍ ကိုယ်ထူကိုယ်ထ ကောက်ယူခဲ့သည့် ၂၀၂၄ သန်းခေါင်စာရင်းကို အခြေခံ ထားသဖြင့် အချက်အလက်များ တိကျမှန်ကန်မှု ရှိမနေကြောင်း သိရသည်။

ယင်း ၂၀၂၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော် ရှိသည်ဟု ဆိုထားပြီး ထိုအနက်မှ ၃၂ သန်းကျော်ကိုသာ စာရင်းကောက်ယူနိုင်ကာ ၁၉ သန်းကျော်ကိုမူ ခန့်မှန်းတွက်ချက် ထားကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-MOI