
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ရက်
စစ်ကော်မရှင်၏ နတ်ရေကန်ဗျူဟာ ကာကင်းစခန်း ဖိုက်တာကုန်းကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များ ဝင်ရောက်သိမ်းပိုက်ပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ကစဉ့်ကလျား ထွက်ပြေးကြရကြောင်း သိရသည်။
AAနှင့် ပူးပေါင်းတပ်များသည် ယမန်နေ့ အောက်တိုဘာ ၁၀ရက်နေ့က စစ်ကော်မရှင် နတ်ရေကန်ဗျူဟာကုန်း၏ အဓိကကာကင်းစခန်းဖြစ်သည့် ဖိုက်တာကုန်းကို သိမ်းယူနိုင်ခဲ့ပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ လက်နက်များပါစွန့်ပြီး ပြေးနေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”နတ်ရေကန်စခန်းပါသွားမှာစိုးလို့ စစ်တပ်က လေကြောင်းကနေ တောက်လျှောက်ဗုံးကြဲနေတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
နတ်ရေကန်အနီး ကာကင်းစခန်းအားလုံးနီးပါး အသိမ်းခံရပြီး နတ်ရေကန်ဗျူဟာပါ ပိတ်ဆို့တိုက်ခိုက်ခံနေရသည့်အတွက် စစ်ကော်မရှင်က နတ်ရေကန်စခန်းမှ အမြောက်ကြီးကို ဝန်ချီစက်၊ ဆွဲယာဉ်နှင့် ယာဉ်သုံးစီးတန်း၍ သယ်ထုတ်သွားကြောင်း သိရသည်။
စစ်ကော်မရှင်သည် တိုက်ပွဲဖြစ်ပွားနေသည့် နတ်ရေကန်အနီးကိုလည်း စစ်အင်အားအပြည့်ပါဝင်သော ကားကြီးတစ်စီး အင်အားဖြည့်ခဲ့ပြီး အင်အား ၃၀ ခန့်ပါ ခြေလျင်စစ်ကြောင်းတစ်ခုကိုလည်း ဇင်ပြွန်းဘက်မှ ပဇီဘက်ကို စေလွှတ်ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကော်မရှင်က ယမန်နေ့မှစ၍ လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာလည်း နတ်ရေကန်တဝိုက် သုံးနေရာခန့်တွင် ဖြစ်ပွားနေကြောင်း သိရသည်။ ဖိုက်တာစခန်းမှ စစ်ကော်မရှင် တပ်ဖွဲ့ဝင်အားလုံးနီးပါး ထွက်ပြေးသွားပြီဖြစ်၍ နတ်ရေကန်စခန်းအနီးတွင် တိုက်ပွဲပြင်းထန်စွာ ထပ်မံဖြစ်ပွားနေခြင်း ဖြစ်သည်။
မြေပုံ- Nai Zinyaw