
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ ရက်
မြန်မာနိုင်ငံရှိ လူငယ်သုံးပုံတစ်ပုံနီးပါး (လူဦးရေ ငါးသန်း) သည် စိတ်ဖိစီးမှုများကို အမြဲလိုလိုနှင့် မကြာခဏခံစားနေရကြောင်း အောက်တိုဘာ ၁၀ ရက် (ကမ္ဘာ့စိတ်ကျန်းမာရေးနေ့) တွင် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) က ထုတ်ပြန်သော မြန်မာ့လူငယ်များ၏ လုံခြုံရေးနှင့် လူမှုဘဝ စိန်ခေါ်မှုများ အစီရင်ခံစာ အရ သိရသည်။
စစ်တပ်အာဏာသိမ်းထားစဉ်အတွင်း ကြုံတွေ့ရသော ကပ်ဘေးနှင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး ကျဆင်းမှုများကြောင့် ပြည်သူများ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ပိုမိုခံစားနေရသည်။ ထို့ကြောင့် ပြည်သူအချင်းချင်း ကူညီဖေးမကာ စာနာမှုဖြင့် ဆက်ဆံကြရန် လိုအပ်ကြောင်း စိတ်ကျန်းမာရေးဆရာဝန်များက ဆိုထားသည်။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်သူများအတွက် ရပ်ရွာတွင်း အခြေခံ၍ ယဉ်ကျေးမှုနှင့် လိုက်လျော ညီထွေရှိသည့် စိတ်ကျန်းမာရေး စောင့်ရှောက်မှုရရှိရန် ဆောင်ရွက်ခြင်း၊ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်း ဆိုင်ရာ လူမှုရေး အထောက်အပံ့များ (MHPSS) လိုအပ်နေကြောင်း UNDP ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။
“စိတ်ကျန်းမာရေးဆိုရင် စိတ်ရောဂါကုဆရာဝန်တွေကိုပဲ မြင်ကြတယ်။ လူနာတွေ ဆရာဝန်ဆီ တစ်ခါတည်း ရောက်မလာဘူး။ မိသားစု၊ ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းတွေရဲ့ ပါဝင်မှုတွေ၊ စောင့်ရှောက်မှုတွေ အလွန်အရေးကြီးပါတယ်။ အဲဒါမှ အကျိုးသက်ရောက်မှုရှိတဲ့ ရသင့်ရထိုက်တဲ့ စောင့်ရှောက်မှုကို ရမယ်” ဟု CDM စိတ်ကျန်းမာရေးဆရာဝန် အမျိုးသားတစ်ဦး က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စိတ်ကျန်းမာရေးအတွက် သင့်တော်သော ကုထုံးနှင့် ကုသမှုခံယူရန်သာ လိုအပ်ပြီး ပျောက်ကင်းနိုင် ကြောင်းလည်း စိတ်ကျန်းမာရေးဆရာဝန်က ဆိုသည်။
အဆိုပါ စိတ်ဖိစီးမှု ခံစားနေရသော လူငယ်ငါးသန်းတွင် ပဋိပက္ခဖြစ်ပွားရာဒေသများမှ ၃၄ ရာခိုင်နှုန်း ပါဝင်ပြီး မသန်စွမ်းလူငယ်များကြားတွင် ၄၇ ရာခိုင်နှုန်း ရှိသည်။ ထို့အပြင် အလုပ်လက်မဲ့များ သည်လည်း သိသိသာသာ မြင့်မားနေကာ နေ့စဉ် မလုံခြုံမှုများ ခံစားနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“စိတ်ကျန်းမာရေးအတွက် သင့်တော်တဲ့ကုထုံးနဲ့ ကုသဖို့ပဲလိုတာ။ ပျောက်ကင်းတယ်။ ဆေးသောက် တာ ဖြစ်စေ၊ ဆွေးနွေးမှုခံယူတာဖြစ်စေ။ ဒါက ရှက်စရာမဟုတ်သလို ကြောက်စရာလည်း မဟုတ်ပါဘူး။ ခွဲခြားဆက်ဆံတာတွေ မလုပ်ဖို့ပဲ။ အခြားကျန်းမာရေး ပြဿနာလိုပဲ ဝိုင်းလုပ်ရမယ်။ ပစ်ပယ်ထားရင် ကြောက်စရာကောင်းတဲ့ နောက်ဆက်တွဲ ဖြစ်တယ်” ဟု CDM စိတ်ကျန်းမာရေးဆရာဝန်က ဆက်လက် ပြောကြားသည်။
ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ လူသားလုံခြုံရေးအမြင်နှင့် ချိန်ထိုးကြည့်ပါက မြန်မာ့လူငယ်များသည် ပျက်စီးသွားသည့် အသက်မွေးဝမ်းကျောင်းမှုနှင့် ပညာရေးအတွက်သာ ရုန်းကန်နေရသည်မဟုတ်ဘဲ လိုအင်ဆန္ဒ၊ ကြောက်ရွံ့မှုနှင့် လူသားတစ်ဦးအဖြစ် ရသင့်တဲ့ ဂုဏ်သိက္ခာနှင့် တန်ဖိုးကို ထိပါးစေသော ပတ်ဝန်းကျင်ဆိုးကြောင့် အခွင့်အရေးများကို ဆုံးရှုံးနေရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်