ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၀ ရက်

 

စစ်ကော်မရှင်က ကျင်းပသည့် အတုအယောင်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင် ရာရပ်ကွက်အုပ်ချုပ်ရေးမှုရုံးတွင် ကပ်ထားရာ နှစ်ပတ်ကြာသည့်အထိ ကြည့်ရှုမည့်သူမရှိ၍ တစ်ပတ် ထပ်တိုးရပြီး ရွေးကောက်ပွဲကျင်းပမည့်အကြောင်း ဆိုင်းဘုတ်တပ်ကြေညာနေကြောင်း သိရသည်။

 

မဲဆန္ဒရှင်စာရင်းကို စက်တင်ဘာ ၃၀ မှ အောက်တိုဘာ ၁၃ ရက်နေ့အထိကပ်ထားပြီးနောက် မဲစာရင်းစစ်ဆေး မည့်သူမရှိသဖြင့် အောက်တိုဘာ ၁၄ မှ ၂၀ ရက်နေ့အထိ ၇ ရက် ထပ်မံ တိုးမြှင့်ကပ်ထားမည်ဖြစ်ကြောင်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။

 

လက်ရှိတွင်စစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင်က မြို့နယ်အနှံ့တွင် ရွေးကောက်ပွဲရှိကြောင်း ကြေညာ၍ မဲပေးကြရန်ဆိုင်းဘုတ်များ စိုက်ထားသည်ကို တွေ့ရသည်။

အဆိုပါမဲဆန္ဒရှင်စာရင်းကြည့်ရှုပြီး မဲစာရင်းအမည်ပါ၊ မပါ အမည်မှားယွင်းမှု သေဆုံးသူများ ပါဝင် နေပါက ကန့်ကွက်ရမည်ဖြစ်သော်လည်း စစ်ကော်မရှင်ကျင်းပမည့်အတုအယောင် ရွေးကောက်ပွဲ အတွက်မည်သည့်သူမှ ကန့်ကွက်သူမရှိ စိတ်ဝင်စားသူမရှိကြောင်း အများပြည်သူများထံမှ သိရသည်။

 

ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် မဲစာရင်းမှန်ကန်ရေးက အရေးကြီးဆုံးဖြစ်သော်လည်း လက်ရှိ စစ်ကော်မရှင်ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းတွင် အမှားအယွင်းများဖြစ်ပေါ်နေကြောင်း ရန်ကုန်မြို့ခံ များထံမှ သိရသည်။

 

“ရပ်ကွက်ထဲမဲစာရင်းကြည့်ဖို့ အော်လံနဲ့ လိုက်ပြောတာတွေ့ရှိတယ်။ အရင်ရက်က အုပ်ချုုပ်ရေးမှူး ရုံးနားဖြတ်သွားလို့ မဲစာရင်းသွားကြည့်လိုက်တာ။ သန်းခေါင်းစာရင်းလာကောက်တယ်။ အခြေခံ မဲစာရင်း အတွက်ဆိုပြီး လူဦးရေစာရင်းလည်း အိမ်မှာလာကောက်သွားတယ်။ ဒါပေမဲ့ မဲစာရင်းမှာ နာမည်ပါမလာဘူး။ ကပ်ထားတဲ့စာမျက်နှာတစ်ခုထဲမှာ နာမည်တွေနှစ်ခုထပ်ပါတာတွေ့တယ်။ သေတဲ့ သူတွေလည်းပါနဲ့ ကပေါက်တိကပေါက်ချာပဲ” ဟု ပန်းဘဲတန်းမြို့နယ်ရှိ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထိုသို့ မဲဆန္ဒရှင်စာရင်းတွင် အမည်စာရင်းမပါဝင်သော်လည်း ပုံစံ (၃) ဖြင့်ဖောင်ဖြည့်ရသည့် အမည် စာရင်းတွင်သွင်းပေးရန်တောင်းဆိုချက်ပြုလုပ်မည်မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

 

ရန်ကုန်မြို့ကြီးနှင့် မန္တလေးမြို့ကြီးများရှိ အများပြည်သူများသည်လည်း ရွေးကောက်ပွဲနှင့် ပတ်သက် ပြီးစိတ်ဝင်စားမှုမရှိဘဲ မဲစာရင်းကြည့်ရှုစစ်ဆေးမှုများမရှိကြောင်း ယင်းမြို့ခံများထံမှ သိရသည်။

 

အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဆန္ဒမဲပေးနိုင်ရန်ရွေးကောက်ပွဲကြေညာချက် အသိ ပညာပေးမြေစိုက်ဆိုင်းဘုတ်ကို နေပြည်တော်၌ စစ်အုပ်စု၏ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက အခမ်းအနားဖြင့်ပြုလုပ်ကြောင်း စစ်ကော်မရှင် ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

 

စစ်ကော်မရှင်သည် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲအပိုင်း (၁) ကို လာမည့် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ကျင်းပမည်မည်ဖြစ်ကြောင်း ကြေညာထားသည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်