
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၀ ရက်
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအပေါ် ခွဲခြားချန်လှပ်ထားခြင်းများသည် သင့်လျော်မှုမရှိသဖြင့် မူလအခွင့်အရေးများ ပြန်လည်ပေးအပ်ရန် စစ်ကော်မရှင်က နေပြည်တော်သို့ ရောက်ရှိလာသည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့ကို တွေ့ဆုံဆွေးနွေးစဉ် ထည့်သွင်းတောင်းဆိုခဲ့ကြောင်း ၎င်းတို့၏ ဝါဒဖြန့်သတင်းစာများအရ သိရသည်။
အာဆီယံ၏ လက်ရှိအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတိုစရီ မိုဟာမက် ဟာဆန် ဦးဆောင်သော အဖွဲ့သည် မြန်မာ့ရွေးကောက်ပွဲနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးရန် အောက်တိုဘာ ၉ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
“လက်ရှိအခြေအနေအရ မြန်မာနိုင်ငံအပေါ် ခွဲခြားချန်လှပ်တာတွေဟာ မသင့်လျော်ဘူးလို့ ထောက်ပြ လိုပါတယ်။ အာဆီယံမှာ မြန်မာနိုင်ငံရဲ့ မူလအခန်းကဏ္ဍနဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိစေဖို့ တိုက်တွန်းတောင်းဆိုပါတယ်” ဟု စစ်ကော်မရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက အာဆီယံ အလှည့်ကျဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ပြောသည်။
စစ်ကော်မရှင်အနေဖြင့် အာဆီယံဘုံ သဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်နေပြီး အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများနှင့် ဥက္ကဋ္ဌ၏ ဦးဆောင်ဦးရွက် ပြုမှုများ၌ အပြုသဘောဖြင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း စစ်ကော်မရှင်ဝန်ကြီးဦးသန်းဆွေက ထည့်သွင်း ပြောဆိုခဲ့သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော စစ်ကော်မရှင်သည် အာဏာသိမ်း ယူခဲ့သည့်အတွက် အာဆီယံက မြန်မာ့ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဘုံသဘောတူညီချက် ငါး ချက်ကို သတ်မှတ်ခဲ့သော်လည်း စစ်ကော်မရှင်က ပျက်ကွက်နေသဖြင့် ၎င်းတို့ကို အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားခြင်း ဖြစ်သည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌကလည်း အာဆီယံဘုံ သဘောတူညီချက် ငါးချက် အကောင်အထည် ဖော်မှုတွင် ပိုမိုကောင်းမွန်သော ရလဒ်များ ရရှိစေရေးအတွက် မြန်မာနိုင်ငံက ဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင် နည်းလမ်းဖြင့် ဆောင်ရွက်မှုများအား ထောက်ခံကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု စစ်ကော်မရှင်က ထုတ်ပြန်သည်။
“အာဆီယံအနေနဲ့ မြန်မာနိုင်ငံက ပိုင်ဆိုင်မှု၊ မြန်မာဦးဆောင်မှုလို့ ပြောလေ့ရှိတာကို စစ်ကော်မရှင်က သူတို့ဦးဆောင်ဖို့ အသိအမှတ်ပြုတယ်လို့ ယူဆတယ်။ အာဆီယံဖက်ကတော့ မြန်မာဦးဆောင်မှု ဆိုတာမှာ ကျန်တဲ့အင်အားစု၊ အတိုက်အခံတွေပါ ပါဝင်တယ်လို့ ယူဆတယ်” ဟု နိုင်ငံရေးအကဲ ခတ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းတစ်ရက်တာ ခရီးစဉ်အတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့သည် နေပြည်တော်သို့ လာရောက်၍ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၎င်းခန့်အပ်ထားသော ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့ကို သီးခြားစီတွေ့ဆုံ၍ ရွေးကာက်ပွဲကိစ္စအပါအဝင် ပူးပေါင်းမှုများ လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့သည်ဟု စစ်ကော်မရှင်က ဆိုသည်။
ထို့အပြင် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံရာတွင်လည်း အာဆီယံအနေဖြင့် အာဏာသိမ်းပြီးနောက် ပြုလုပ်ရန် စီစဉ်နေသော မြန်မာ့ရွေးကောက်ပွဲကို ပူးပေါင်းသွားပြီး ထိုအတွက် လေ့လာစောင့်ကြည့် ရေးအဖွဲ့များ စေလွှတ်ပေးမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌက ပြောဆိုခဲ့သည်ဟု စစ်ကော်မရှင်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
သို့သော် မလေးရှားအစိုးရ၏ ကနဦးသတင်း ထုတ်ပြန်ချက်တွင်မူ မြန်မာ့ပဋိပက္ခများ ရပ်တန့်ရေး၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများကို အတားအဆီးမရှိ ဝင်ရောက်ခွင့်ရရှိရေး၊ မြန်မာနှင့် သက်ဆိုင်သူအားလုံးပါဝင်သည့် ဘက်ပေါင်းစုံ ဆွေးနွေးမှုများ ပြုလုပ်ရေးတို့ကို စစ်ခေါင်းဆောင်အား တိုက်တွန်းသွားမည်ဟု ဖော်ပြထားသည်။
ဓာတ်ပုံ-MOI