
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၀ ရက်
နော်ဝေနိုဘယ်ဆုချီးမြှင့်ရေးကော်မတီမှ ယခု ၂၀၂၅ ခုနှစ် အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဗင်နီဇွဲလား ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (Maria Corina Machado) ကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မာရီယာ ကိုရီနာ မာချာဒိုသည် ဗင်နီဇွဲလားပြည်သူများ၏ ဒီမိုကရေစီအခွင့်အရေးနှင့် အာဏာရှင်စနစ်မှ ငြိမ်းချမ်းစွာ ကူးပြောင်းရေး အတွက် မဆုတ်မနစ် ကြိုးပမ်းခဲ့မှုများကြောင့် ဆုရရှိခဲ့ခြင်း ဖြစ်သည်။
မာရီယာ ကိုရီနာ မာချာဒိုသည် ဗင်နီဇွဲလားအာဏာရှင်လက်အောက်တွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို ကျင်းပနိုင်ရန် နှစ်ပေါင်း ၂၀ ကျော်ကြာ တိုက်ပွဲဝင်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် အတိုက်အခံ သမ္မတလောင်းအဖြစ် အနိုင်ရရှိခဲ့သော်လည်း သမ္မတ နီကိုလပ်စ် မာဒူရို (Nicolás Maduro) ဦးဆောင်သော အစိုးရက သူမအား ရွေးကောက်ပွဲဝင်ခွင့် ၁၅ နှစ် ပိတ်ပင်ခဲ့ သည်။
နိုဘယ်ဆုချီးမြှင့်ရေးကော်မတီက သူမ၏ “Ballots over Bullets” (“ကျည်ဆန်များအစား မဲပုံးကို ရွေးချယ်ခြင်း”) ဟူသည့် အထင်ကရ စကားစုကို ချီးမွမ်းခဲ့ပြီး မာချာဒိုသည် အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ကြုံနေရသော်လည်း ငြိမ်းချမ်းစွာ တိုက်ခိုက်ရန် သတ္တိရှိသူ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
နိုဘယ်ဆုချီးမြှင့်ရေး ကော်မတီက ဒီမိုကရေစီသည် ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး ယခုအခါ အာဏာရှင်အစိုးရများ တိုးပွားကာ ဒီမိုကရေစီစနစ် ဆုတ်ခွာလာသည့် ကမ္ဘာကြီးတွင် နေထိုင်နေရကြောင်းလည်း ထောက်ပြ ပြောဆိုခဲ့သည်။
ယခု ၂၀၂၅ ခုနှစ် နိုဘယ်ဆုများအနက် စာပေနိုဘယ်ဆုကို ဟန်ဂေရီနိုင်ငံမှ စာရေးဆရာက ရရှိခဲ့သည်။ ဆေးပညာ၊ ရူပဗေဒနှင့် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုများကိုမူ အမေရိကန်၊ ဂျပန်နှင့် အခြားနိုင်ငံများမှ သိပ္ပံပညာရှင်များ အသီးသီး ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။