
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၀ ရက်
ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲအား မဲမသမာမှု အကြောင်းပြကာ အာဏာသိမ်းယူခဲ့သော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်၍ ပြန်လည်ပြုလုပ်မည့် ရွေးကောက်ပွဲကို လူထုက လက်ခံခြင်းမရှိ ၊ စိတ်ဝင်စားခြင်း မရှိသလို ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် ထောက်ခံသူများကလည်း မဲဆန္ဒရှင်စာရင်းများ မှားယွင်းနေမှုအပေါ် ဝေဖန်လာကြသည်။
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း (၁)ကို စတင်ပြုလုပ်ရန် စီစဉ်နေပြီး သက်ဆိုင်ရာမြို့နယ်များ၌ မဲဆန္ဒရှင် စာရင်းများအား စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ကပ်ထားမည်ဟု ကြေညာခဲ့သည်။
သို့သော် ပြည်သူများ စိတ်ဝင်စားမှု မရှိသဖြင့် လက်ရှိအထိ လာရောက်ကြည့်ရှုသူ နည်းပါးလျက် ရှိကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
အဆိုပါ ရွေးကောက်ပွဲ အပိုင်း(၁)ကို မြို့နယ် ၁၀၂ မြို့၌ စတင် ပြုလုပ်မည်ဖြစ်ပြီး မဲဆန္ဒရှင် စာရင်းများ မှားယွင်းနေမှုနှင့် ပတ်သက်၍ ပထမဆုံး စတင်ဖွင့်ဟလာသူမှာ စစ်ကော်မရှင် ကျောထောက်နောက်ခံ ပြုထားသည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နေပြည်တော်ဥက္ကဋ္ဌ ဘူးလက်လှဆွေ (ခ) ဦးလှဆွေ ဖြစ်သည်။
USDP နေပြည်တော် ဥက္ကဋ္ဌ ဘူးလက်လှဆွေသည် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် အောက်တိုဘာ ၅ ရက်တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဘူးလတ်လှဆွေ၏ ပြောဆိုချက်အရ စစ်ကော်မရှင် ထုတ်ပြန်ထားသော မဲဆန္ဒရှင် စာရင်းများတွင် သေဆုံးသူများ၊ နေရပ်၌ မရှိတော့သူများ၊ အပြီးပြောင်းရွှေ့သွားသူများ စသည်တို့ ပါဝင်နေပြီး ဝင်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် အုပ်ချုပ်ရေးမှူး မိသားစုဝင်များပင် မပါဝင်ဘဲ မြို့နယ်တစ်ခုလျှင် မဲစာရင်း ရာနှင့်ချီ မှားယွင်းနေကြောင်း သိရသည်။
ကြံ့ခိုင်ရေးပါတီအပြင် စစ်ကော်မရှင်ခန့် ဝန်ကြီးဟောင်း ဒေါက်တာသက်သက်ခိုင် ဦးဆောင်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီ (PP) တို့အပါအဝင် စစ်အုပ်စု၏ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် အခြားနိုင်ငံရေးပါတီများနှင့် ထောက်ခံသူများကပါ မြို့နယ်တိုင်း၌ မဲစာရင်းများ မှားယွင်းနေသည်ကို ဆက်လက်ဖွင့်ဟ ပြောဆိုလာသည်ကို တွေ့ရသည်။
စစ်ကော်မရှင်က နိုင်ငံတစ်ဝန်း လေကြောင်းဖြင့် နေ့စဉ်ဗုံးကြဲ တိုက်ခိုက်သတ်ဖြတ်နေပြီး လက်ရှိတွင်လည်း မြေပြင်၊ဝေဟင် ထိုးစစ်ဆင်ကာ ပြုလုပ်လာမည့် ယင်းရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်၍ ပြည်သူများ လက်မခံကန့်ကွက်နေသလို စိတ်ဝင်စားမှု မရှိသည့်အတွက် ထိုသို့လူကြားကောင်းအောင် အသံဟစ်ပြခြင်းဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြ ပြောဆိုသည်။
ထို့အပြင် မဲဆန္ဒရှင် စာရင်းများကို ပြုစုရာ၌လည်း အာဏာသိမ်းပြီးနောက် နိုင်ငံတကာ အကူအညီမရဘဲ ဘတ်ဂျက်ငွေ ဒေါ်လာသန်းချီ သုံးစွဲ၍ ကိုယ်ထူကိုယ်ထ ကောက်ယူခဲ့ရသည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအား အခြေခံရယူထားသည်။ ယင်းအချက်အလက်များသည် စစ်ဘေးနှင့် သဘာဝဘေးများကြောင့် တိကျမှန်ကန်မှု မရှိဘဲ ရာခိုင်နှုန်းအများစုကို ခန့်မှန်းထည့်သွင်းထားကြောင်း သိရသည်။
အဆိုပါ ၂၀၂၄ သန်းခေါင်စာရင်းတွင် မြန်မာနိုင်ငံ၌ လူဦးရေ ၅၁ သန်းကျော်ရှိပြီး ထိုအနက်မှ ၃၂ သန်းကျော်သာ စာရင်းကောက်ယူနိုင်ကာ ၁၉ သန်းကျော်ကိုမူ ၎င်းတို့အနေဖြင့် ခန့်မှန်းတွက်ချက်ထားဟု စစ်ကော်မရှင်က ထုတ်ပြန်ပြောဆိုထားသည့်အပြင့် နိုင်ငံတစ်ဝန်း ဗုံးကြဲမှုနှင့် မတရား ဖမ်းဆီးမှုများကြောင့် မြေပြင်အခြေအနေနှင့် ပိုမိုကွဲလွဲနေသည်ကို တွေ့ရှိရသည်။
စစ်ကော်မရှင်ကမူ လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြားမှ စီမံချက်ပါ သတ်မှတ်အချိန်ဇယားအတိုင်း ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်သဖြင့် မကြာမီ နိုင်ငံတော်အဆင့် အခမ်းအနား ပြုလုပ်၍ ပြည်ထောင်စု အစီရင်ခံစာ ထုတ်ပြန်မည်ဖြစ်သလို မဲစာရင်းများ ကပ်ထားမှုကိုလည်း အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အထိ ၇ ရက် ထပ်တိုး ပေးထားကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-MOI