ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၀ ရက်

 

ပဲခူးအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ်၊ လေသာတောင်ကို ပြန်လည်ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်တပ် တပ်လန်ကျပြီးနောက် ညောင်ခြေထောက်တွင် တပ်အသင့်ပြင်ဆင်နေကြကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

 

စစ်ကော်မရှင်နှင့် အာရက္ခတပ်တော် (AA) တို့သည် ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်နှင့် ၇ ရက်နေ့များတွင် လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်၍ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကော်မရှင်က အထိနာကာ အလောင်းများပြန်ဆွဲပြီး တပ်ဆုတ်ပြေးရကြောင်း သိရသည်။

 

“စစ်တပ်က လေကြောင်းပစ်ကူမပါရင် စစ်ကိုနိုင်အောင်မတိုက်နိုင်၊ မတိုက်ရဲ၊ မတိုက်ဝံ့၊ မတိုက်တတ်တဲ့ အခြေအနေဆိုတာ ပေါ်လွင်ထင်ရှားနေတယ်။ ကပစ တပ်တွေပါသွားမှာ တုန်လှုပ်ခြောက်ခြားနေရပြီ” ဟု တပ်မတော်သား CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို သုံးသပ်ပြောဆိုသည်။

လေသာတောင်တကြောကို ဒရုန်းနှင့် လက်နက်ကြီးပစ်အားသုံးပြီး ဖြတ်ကျော်ရန် ကြိုးစားခဲ့သည့် စစ်ကော်မရှင်တပ်မှာ သေဆုံးမှုများပြားခဲ့သည့်အတွက် ညောင်ကျိုးနှင့် ညောင်ခြေထောက်ဝန်းကျင်ရှိ လူမှုကူညီရေးကားများပါ သုံးပြီး အလောင်းနှင့်ထိခိုက်ဒဏ်ရာရသူများကို ပြန်လည်သယ်ယူရကြောင်း သိရသည်။

 

ထိုးစစ်အင်အားအလုပ်မဖြစ်သည့် စစ်ကော်မရှင်က လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံများကို ကာကွယ်ရန် ရန်ကုန်အခြေစိုက်တပ်ရင်းများမှ ထုတ်နုတ်အင်အားများနှင့် စကခ ၁၇ လက်အောက်ခံ တပ်ရင်းများကို အသုံးပြုပြီး ညောင်ခြေထောက်တပ်နယ်တွင် အင်အားဖြည့်ကာ တပ်အသင့်ပြင်ဆင် သည့် အနေအထားများ ပြုလုပ်ထားကြောင်း သိရသည်။

 

လက်လွှတ်ဆုံးရှုံးလိုက်ရသည့် ညောင်ကျိုးစခန်းဘက်ကို လေယာဉ်ပစ်ကူမပါဘဲ စစ်ကြောင်းထိုး၍ မရသည့် စစ်ကော်မရှင်က ဒရုန်းနှင့် လက်နက်ကြီးပစ်ကူဖြင့် ပန်းတောင်း-တောင်ကုတ်တကြောကိုပါ စစ်ကြောင်းထိုးရန် ပြင်ဆင်လာသော်လည်း ထိခိုက်သေဆုံးမှုများစွာဖြင့် တပ်ဆုတ်ပေးနေရကြောင်း သိရသည်။

 

စစ်ကော်မရှင်သည် ကာကွယ်ရေးပစ္စည်းစက်ရုံများဖြစ်သည့် ကပစ ၆၊ ကပစ ၉၊ ကပစ ၁၆ တို့ကို ကာကွယ်ရန် အပြင်းအထန်ကြိုးစားနေရပြီး ဆင်လန် ရွာအနီးတစ်ဝိုက်တွင်ပါ လက်နက်ကြီးစခန်း များတည် ဆောက်ထားကြောင်း သိရသည်။

 

စစ်ကော်မရှင်ခြေကုပ်ယူထားသည့် ဆင်လန်ရွာစခန်းသည် AA ပူးပေါင်းတပ်များ သိမ်းပိုက်ထာသည့် လေ သာတောင်၊ ညောင်ကျိုးစခန်းတို့နှင့် ၄ မိုင်ခန့်သာ ကွာဝေးသည်။

 

စစ်ကော်မရှင်က စကခ ၁၇ လက်အောက်ခံ ခမရ ၅၇၄၊ ခမရ ၅၇၅၊ ခမရ ၅၇၇၊ ခမရ ၅၆၉၊ ခမရ ၅၂၀၊ ခလရ ၂၉၅ တို့ကို ရခိုင်-ပဲခူး၊ ရခိုင်-မကွေး၊ ရခိုင်- ဧရာဝတီ အစပ်တိုက်ပွဲများသို့ ပို့ဆောင်ထားပြီး စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များဖြင့်ပါ အင်အားဖြည့်ထားကြောင်း သိရသည်။