
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၉ ရက်
အာဆီယံ၏ လက်ရှိ ဥက္ကဋ္ဌ ဖြစ်သည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတိုစရီ မိုဟာမက် ဟာဆန် သည် မြန်မာ့ရွေးကောက် ပွဲနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးရန် ယနေ့ အောက်တိုဘာ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။
အာဆီယံကိုယ်စားလှယ်အဖြစ် နေပြည်တော်သို့လာရောက်မည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ တစ်ရက်တာခရီးစဉ်တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံမည် ဖြစ်သည်။
မလေးရှားအစိုးရကမူ ရပ်တန့်နေသည့် အာဆီယံ၏ ဘုံသဘောတူညီချက် ငါးချက် (5PC) ကို အကောင်အထည်ဖော်ရန် တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အာဆီယံဥက္ကဋ္ဌ (မိုဟာမက်ဟာဆန်)က ပဋိပက္ခများ ရပ်တန့်ရေး၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများကို အတားအဆီးမရှိ ဝင်ရောက်ခွင့်ရရှိရေး၊ မြန်မာနှင့်သက်ဆိုင်သူအားလုံးပါဝင်သည့် ဘက်ပေါင်းစုံဆွေးနွေးမှုများ ပြုလုပ်ရေးတို့ကို မြန်မာစစ်ခေါင်းဆောင်အားတိုက်တွန်းသွားမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အာဆီယံသည် မြန်မာ့ရွေးကောက်ပွဲကို အဓိက ဦးစားပေးအဖြစ် မသတ်မှတ်ဘဲ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးကတိကဝတ်များကိုသာ လိုက်နာရန် ပြီးခဲ့သည့် ဇူလိုင်လတွင် မိုဟာမက် ဟာဆန်က ပြောဆိုခဲ့ဖူးသည်။
စစ်အာဏာသိမ်းအစောပိုင်းကာလများတွင် အာဆီယံက သတ်မှတ်ထားသည့် မြန်မာ့ငြိမ်းချမ်းရေးမူ ငါး ချက်ကို စစ်ကော်မရှင်ဘက်ကပျက်ကွက်ထားသည့်အတွက် စစ်ခေါင်းဆောင်များကို အာဆီယံနှင့် ဆိုင်သည့်အစည်းအဝေးများကို တက်ရောက်ခွင့်ပိတ်ပင်ခဲ့ကြသည်။
အာဆီယံဥက္ကဌမိုဟာမက်ဟာဆန် ဦးဆောင်မည့် လေးနိုင်ငံကိုယ်စားလှယ်အဖွဲ့မှာ ယခင်က စက်တင် ဘာလအတွင်း မြန်မာသို့လာရောက်မည်ဟု ပြောဆိုခဲ့သော်လည်း ယခုအောက်တိုဘာမှသာ လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကား – The Straits Times