
ဧရာဝတီတိုင်းမ်
(ကနီ)၊ အောက်တိုဘာ ၉ ရက်
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ယမန်နေ့ အောက်တိုဘာ ၈ ရက်နေ့က နေ့လယ်ပိုင်းအချိန်က ကင်းလှည့်ထွက်လာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့ဘက်မှာ တိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီးKLG PDF ထံမှ သိရသည်။
ကနီမြို့စောင့်တပ်မှ ကင်းလှည့်ထွက်လာသည့် စစ်ကော်မရှင် လက်အောက်ခံ ရဲနှင့်စစ်သား ၂၀ ဦးပါ အဖွဲ့ကို ကနီမြို့၊ ရပ်ကွက်(၃)တွင် KLG PDF တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ခုနစ် ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“တိုက်ပွဲပြီးတော့ ၆၀ မမတွေနဲ့ ပစ်တယ်ဗျ။ ဒရုန်းနဲ့လည်း လိုက်ရှာတယ်ဗျ။ ဒရုန်းတွေဝဲပြီး လိုက်ရှာနေတယ်။ အခြား စစ်ရေးလှုပ်ရှားမှု မရှိသေးပါဘူးဗျ” ဟု KLG PDF တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့များထံက MA-1သေနတ် တစ် လက်၊ MA-11သေနတ် တစ် လက် သိမ်းဆည်းရရှိခဲ့ကြောင်းလည်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်(9+အဖွဲ့ဝင်) ဗျူဟာ(၄၅) KLG PDF ၏ လှုပ်ရှားတပ်စိပ် တစ်စိပ်မှ ရဲဘော်များက တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။
ကနီမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့ကလည်း ချောင်းမကျေးရွာတွင် အထိုင်ချထားသည့် စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အလောင်း ခုနစ် လောင်း၊ သုံ့ပန်း လေး ဦး နှင့် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း KLG PDF ထံမှ သိရသည်။
ဓာတ်ပုံ – KLG PDF