
ဒေါင်းညို (CJ)/ဧရာ၀တီတိုင်းမ်
အောက်တိုဘာ ၉ ရက်
ကသာခရိုင်၊ ဗန်းမောက်မြို့နှင့် အနီးတစ်ဝိုက်တွင် စစ်ကော်မရှင်၊ ရှမ်းနီပြည်သူ့စစ် (SNA) ပူးပေါင်းတပ် နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ ကျော်သည် အခြေခံ အထောက်အပံ့များ အရေးပေါ် လိုအပ်လျက်ရှိနေကြောင်း စစ်ရှောင်များကို အကူအညီပေး နေသူများထံမှ သိရသည်။
စစ်ကော်မရှင်ပူးပေါင်းတပ်သည် ၎င်းတို့ လက်လွှတ်ခဲ့ရသည့် ဗန်းမောက်မြို့ကို ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်နေ့မှ စတင်ကာ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာပြီး အောက်တိုဘာ ၅ ရက်နေ့တွင် လေကြောင်းမှပါ ဗုံးကြဲတိုက်ခိုက်၍ လေကြောင်းပစ်ကူ အကာအကွယ်ယူကာ ရှေ့တိုး လာနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကော်မရှင်၏ တပ်မ(၃၃) ၊ ခမရ ၁၆ နှင့် ရှမ်းနီပြည်သူစစ် (SNA) တို့ ပူးပေါင်းထားသော အဆိုပါ စစ်ကြောင်းသည် ဗန်းမောက်မြို့ရှိ ခမိုးရွာနှင့် စက်တောရွာအနီးထိ ချဉ်းကပ်လာသည့်အတွက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။
“စစ်တပ်နဲ့ရှမ်းနီပြည်သူ့စစ် ပူးပေါင်းထားတဲ့ စစ်ကြောင်းက မြို့နဲ့ လေးမိုင်အကွာထိ ရောက်လာပြီလို့ သိရပါတယ်။ မြို့ကို ပြန်လည်ထိန်းချုပ်ပြီး ဗန်းမောက်မြို့ ဆေးရုံဘက်ကို အရင်ဝင်ရောက်ဖို့ စီစဉ်ထားတယ် လို့ ကြားပါတယ်” ဟု ဒေသခံ သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့က ဗန်းမောက်မြို့ကို သိမ်းပိုက် ခဲ့ပြီးနောက် ကစဉ့်ကလျား ထွက်ပြေးခဲ့ရသည့် စစ်ကော်မရှင်တပ်သည် မြို့၏ အနောက်ခြမ်းနှင့် မြောက်ဘက်ခြမ်းတွင် အင်အားပြန်စုဖွဲ့ကာ ဟုမ္မလင်းမှ တက်လာသည့် ခမရ ၁၆ နှင့် ပူးပေါင်းပြီး ယခုကဲ့သို့ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
စစ်ကော်မရှင်ပူးပေါင်းတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနှင့် ဗုံးသီးချ တိုက်ခိုက်မှုများကြောင့် ဒေသခံ သုံး ဦး သေဆုံးကာ ငါး ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိ ခဲ့ပြီး မြို့အနီးကျေးရွာ ၁၅ ရွာခန့်နှင့် မြို့ပေါ်ရှိ ရပ်ကွက်လေးရပ်ကွက်မှ ပြည်သူအများအပြား စစ်ဘေးရှောင်နေရကြောင်း သိရသည်။
“တိုက်ပွဲတွေကတော့ ဆက်တိုက်ဖြစ်နေတယ်။ အခုက မြို့ရဲ့ သုံးမိုင်လောက်ထိ တိုးလာကြတာမို့ အနီးနားကရွာတွေလည်း စစ်ရှောင်နေကြရတယ်။ မကြာခင် ဆောင်းရာသီ ရောက်တော့မှာဆိုတော့ အခြေခံ အစားအသောက်၊ အဝတ်အထည်နဲ့ ဆေးဝါးတွေ တော့ အရေးပေါ် လိုအပ်နေပါတယ်” ဟု စစ်ရှောင်များအား ကူညီပေးနေသူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း ၂,၀၀၀ ကျော် ခန့်ရှိနိုင်ပြီး ခက်ခဲလျက်ရှိသော်လည်း စုစည်း၍ ကူညီမှုများလုပ်ဆောင်ပေးနေကြောင်း စစ်ရှောင်များကို အကူအညီပေးနေသူများထံမှ သိရသည်။
ဓာတ်ပုံ-ဒေါင်းညို